၁၅ ထာဝရအရှင်ဘုရားသခင်သည် လူကိုခေါ်ဆောင်၍ ဧဒင်ဥယျာဉ်ကိုပြုစုစောင့်ရှောက်စေရန် ထိုဥယျာဉ်၌ထားတော်မူ၏။ ၁၆ ထာဝရအရှင်ဘုရားသခင်က လူအား “သင်သည် ဥယျာဉ်၌ရှိသမျှသောအပင်၏အသီးကို လွတ်လပ်စွာစားခွင့်ရှိ၏။ ၁၇ သို့သော် အကောင်းအဆိုးသိကျွမ်းရာအပင်၏အသီးကို မစားရ။ အကြောင်းမူကား ထိုအသီးကိုစားသောနေ့တွင် သင်သည် မုချသေရမည်”ဟု ပညတ်ထားတော်မူ၏။ ၁၈ ထို့နောက် ထာဝရအရှင်ဘုရားသခင်က “လူသည် တစ်ယောက်တည်းမနေကောင်း။ သူနှင့်သင့်တော်သည့် ကူညီမစသူကို သူ့အတွက် ငါဖန်ဆင်းဦးမည်”ဟု မိန့်တော်မူ၏။ ၁၉ ထာဝရအရှင်ဘုရားသခင်သည် တောရိုင်းတိရစ္ဆာန်အမျိုးမျိုးနှင့် မိုးကောင်းကင်ငှက်အမျိုးမျိုးတို့ကို မြေကြီးဖြင့်ပုံဖော်ဖန်ဆင်းပြီးလျှင် ၎င်းတို့ကို လူကမည်သို့မှည့်ခေါ်မည်ကို သိရှိရန် လူထံသို့ ခေါ်ဆောင်လာခဲ့၏။ သက်ရှိသတ္တဝါတို့သည် လူမှည့်ခေါ်သည့်အတိုင်း နာမည်အသီးသီးရကြ၏။ ၂၀ ထိုသို့ လူသည် ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့နှင့် မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ တောရိုင်းတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အမည်မှည့်ခေါ်လေ၏။ သို့သော် အာဒံနှင့်သင့်တော်သည့် အထောက်အမ မရှိသေးချေ။ ၂၁ ထို့ကြောင့် ထာဝရအရှင်ဘုရားသခင်သည် လူကို အိပ်မောကျစေတော်မူ၍ သူအိပ်ပျော်စဉ် သူ၏နံရိုးတစ်ချောင်းကို ထုတ်ယူပြီးလျှင် ထိုနေရာကို အသားဖြင့်ပြန်ပိတ်တော်မူ၏။ ၂၂ ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် လူထဲမှထုတ်ယူသောနံရိုးဖြင့် မိန်းမကိုဖန်ဆင်း၍ လူထံသို့ ခေါ်ဆောင်လာခဲ့၏။ ၂၃ ထိုအခါ လူက “ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ သူ့ကို ယောက်ျားထဲမှထုတ်ယူသောကြောင့် မိန်းမ ဟူ၍မှည့်ခေါ်မည်”ဟု ဆိုလေ၏။ ၂၄ ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြလိမ့်မည်။ ၂၅ ထိုလူလင်မယားနှစ်ဦးစလုံးတို့သည် အဝတ်မပါအချည်းစည်းနေကြသော်လည်း ရှက်ကြောက်ခြင်းမရှိကြပေ။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.