ဆိုးညစ်သောလူသားများအား ဘုရားသခင်ဖျက်ဆီးခြင်း

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ကမ္ဘာဦးကျမ်း ၆: ၅-၆

၅ မြေကြီး​ပေါ်တွင် လူ​၏​မကောင်းမှု​များပြား​၍ လူ့​စိတ်နှလုံး​၏​တွေးတော​ကြံစည်မှု​ရှိသမျှ​တို့​သည် အစဉ်အမြဲ​ဆိုးညစ်ခြင်း​သက်သက်​သာ​ဖြစ်ကြောင်း​ကို ထာဝရဘုရား​မြင်​တော်မူ​၏​။ ၆ ထိုအခါ ထာဝရဘုရား​သည် မြေကြီး​ပေါ်တွင် လူ​ကို​ဖန်ဆင်း​ခဲ့​သည်​ကို ဝမ်းနည်း​၍ စိတ်နှလုံး​ထိခိုက်​တော်မူ​၏​။

ကမ္ဘာဦးကျမ်း ၆: ၉-၂၂

၉ နောဧ​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ နောဧ​သည် ဖြောင့်မတ်​သော​သူ​၊ သူ​၏​မျိုးဆက်​ထဲ၌ အပြစ်တင်စရာမရှိ​သော​သူ​ဖြစ်​၏​။ နောဧ​သည် ဘုရားသခင်​နှင့်အတူ​သွားလာ​၏​။ ၁၀ နောဧ​သည် ရှေမ​၊ ဟာမ​၊ ယာဖက် ဟူသော​သား​သုံး​ယောက်​ကို​ရ​၏​။ ၁၁ ထို​အချိန်​၌ မြေကြီး​သည် ဘုရားသခင်​ရှေ့​တော်​၌ ယိုယွင်းပျက်စီး​လျက်​ရှိ​၏​။ မြေကြီး​သည် ရက်စက်ကြမ်းကြုတ်မှု​နှင့် ပြည့်နှက်​လျက်​ရှိ​၏​။ ၁၂ ဘုရားသခင်​သည် မြေကြီး​ကို​ကြည့်ရှု​သောအခါ ယိုယွင်းပျက်စီး​လျက်​ရှိ​သည်​ကို မြင်​တော်မူ​၏​။ အကြောင်းမူကား မြေကြီး​ပေါ်တွင် လူ​အပေါင်း​တို့​သည် အကျင့်စရိုက်​ယိုယွင်းပျက်စီး​လျက်​ရှိ​၏​။ ၁၃ ဘုရားသခင်​က နောဧ​အား “​လူ​အပေါင်း​တို့​၏​အဆုံး​သည် ငါ့​ရှေ့မှောက်​သို့​ရောက်လာ​ပြီ​။ အကြောင်းမူကား မြေကြီး​သည် သူ​တို့​ကြောင့် ရက်စက်ကြမ်းကြုတ်မှု​နှင့် ပြည့်နှက်​လျက်​ရှိ​၏​။ ကြည့်ရှု​လော့​။ ငါ​သည် သူ​တို့​ကို မြေကြီး​နှင့်အတူ​ဖျက်ဆီး​မည်​။ ၁၄ ဂေါဖရ​သစ်သား​ဖြင့် သင်္ဘော​တစ်​စင်း​ကို သင့်​အဖို့​တည်ဆောက်​လော့​။ သင်္ဘော​အတွင်း​၌​အခန်း​များ​ဖွဲ့​၍ အတွင်း​၊ အပြင်​ကို သစ်စေး​နှင့်​သုတ်​လော့​။ ၁၅ သင်္ဘော​တည်ဆောက်​ရ​မည့်​ပုံစံ​မှာ ဤသို့​ဖြစ်​၏​။ သင်္ဘော​အလျား​သည် အတောင်​သုံး​ရာ​၊ အနံ​သည် အတောင်​ငါးဆယ်​၊ အမြင့်​သည် အတောင်​သုံးဆယ်​ရှိ​ရ​မည်​။ ၁၆ သင်္ဘော​အတွက် အမိုး​လုပ်​၍ ၎င်း​ကို ကိုယ်ထည်​အထက် တစ်တောင်​အမြင့်​တွင်​ရှိ​စေ​ရ​မည်​။ သင်္ဘော​၏​နံဘေး​တွင် တံခါးပေါက်​ကို လုပ်​ရ​မည်​။ သင်္ဘော​ကို ပထမ​ထပ်​၊ ဒုတိယ​ထပ်​နှင့်​တတိယ​ထပ်​ဟူ၍ သုံး​ထပ်​တည်ဆောက်​ရ​မည်​။ ၁၇ ကြည့်ရှု​လော့​။ သက်ရှိ​သတ္တဝါ​အပေါင်း​တို့​ကို ကောင်းကင်​အောက်​မှ ဖျက်ဆီး​ရန် ငါ​ကိုယ်တိုင် မြေကြီး​ပေါ်တွင် ရေ​လွှမ်းမိုးမှု​ဖြစ်​စေ​မည်​။ မြေကြီး​ပေါ်မှာ​ရှိသမျှ​တို့​သည် သေ​ကြ​ရ​မည်​။ ၁၈ သို့သော် ငါ​သည် ငါ​၏​ပဋိညာဉ်​ကို သင်​၌​တည်​စေ​မည်​။ သင်​သည် သင်​၏​သား​၊ မယား​၊ ချွေးမ​တို့​နှင့်အတူ သင်္ဘော​ထဲသို့​ဝင်​ရ​မည်​။ ၁၉ သက်ရှိ​အပေါင်း​၊ သတ္တဝါ​အပေါင်း​တို့​ထဲမှ အထီး​အမ​တစ်စုံစီ​ကို​ယူ​၍ သင်​နှင့်အတူ​အသက်ချမ်းသာ​ရ​ရန် သင်္ဘော​ထဲသို့​သွင်း​ရ​မည်​။ ၂၀ ငှက်​များ​ထဲမှ အမျိုး​အလိုက်​၊ တိရစ္ဆာန်​များ​ထဲမှ အမျိုး​အလိုက်​၊ မြေ​ပေါ်ရှိ တွားသွားသောတိရစ္ဆာန်​အပေါင်း​တို့​ထဲမှ အမျိုး​အလိုက် အထီး​အမ​တစ်စုံစီ​တို့​သည် အသက်ချမ်းသာ​ရ​ရန် သင့်​ထံသို့​လာ​ကြ​လိမ့်မည်​။ ၂၁ သင်​သည် စားသုံး​နိုင်​သော​အစားအစာ​အမျိုးမျိုး​ကို​ယူ​၍ သင့်​ထံ၌​သို​ထား​ပြီး သင်​နှင့်​တိရစ္ဆာန်​တို့​၏​စားစရာ​ဖြစ်​စေ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ ၂၂ နောဧ​သည် ထိုသို့​ပြု​၏​။ မိမိ​အား​ဘုရားသခင်​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပြု​လေ​၏​။

ကမ္ဘာဦးကျမ်း ၇: ၁၇-၂၄

၁၇ ရေလွှမ်းမိုးမှု​သည် မြေကြီး​ပေါ်မှာ အရက်​လေးဆယ်​ပတ်လုံး​ဖြစ်ပွား​၏​။ ရေ​သည် တိုးလာ​၍ သင်္ဘော​ကို​ပင့်မ​သဖြင့် သင်္ဘော​သည် မြေကြီး​ပေါ်​မှ​ကွာမြောက်​လေ​၏​။ ၁၈ ရေ​သည်​မြင့်တက်​လာ​၍ မြေကြီး​ပေါ်မှာ အလွန်​တိုးလာ​သဖြင့် သင်္ဘော​သည် ရေ​မျက်နှာပြင်​ပေါ်၌ မျော​လျက်​နေ​လေ​၏​။ ၁၉ ရေ​သည် မြေကြီး​ပေါ်မှာ အလွန်တရာ​မြင့်တက်​လာ​၍ မိုးကောင်းကင်​တစ်ပြင်လုံး​အောက်​ရှိ မြင့်မား​သည့်​တောင်​ရှိသမျှ​တို့​ကို ဖုံးလွှမ်း​လေ​၏​။ ၂၀ ရေ​သည် ထို​တောင်​များ​အထက် တစ်ဆယ့်​ငါး​တောင်​မြင့်တက်​၍ ၎င်း​တို့​ကို​ဖုံးလွှမ်း​၏​။ ၂၁ မြေကြီး​ပေါ်မှာ လှုပ်ရှားသွားလာ​တတ်​သော​သတ္တဝါ​အပေါင်း​တို့​တည်းဟူသော ငှက်​၊ ယဉ်ပါးသောတိရစ္ဆာန်​၊ တောရိုင်းတိရစ္ဆာန်​၊ မြေကြီး​ပေါ်မှာ အုပ်စုလိုက်​နေထိုင်​သွားလာ​သော​သတ္တဝါ​ရှိသမျှ​တို့​နှင့် လူ​အပေါင်း​တို့​သည် သေ​ကြ​ကုန်​၏​။ ၂၂ နှာခေါင်း​ဖြင့်​အသက်ရှူ​တတ်​သည့်​သက်ရှိသတ္တဝါ​တည်းဟူသော ကုန်း​ပေါ်မှာ​ရှိလေသမျှ​သတ္တဝါ​တို့​သည် သေ​ကြ​ကုန်​၏​။ ၂၃ ဘုရားသခင်​သည် လူ​မှစ၍ ယဉ်ပါးသောတိရစ္ဆာန်​များ​၊ တွားသွားသောတိရစ္ဆာန်​များ​နှင့် မိုးကောင်းကင်​ငှက်​များ​အပါအဝင် မြေပြင်​ပေါ်​ရှိ​သတ္တဝါ​အပေါင်း​တို့​ကို သုတ်သင်ပယ်ရှင်း​တော်မူ​သဖြင့် ၎င်း​တို့​သည် မြေကြီး​ပေါ်မှ ပျောက်ပျက်​သွား​လေ​၏​။ နောဧ​မှစ၍ သူ​နှင့်အတူ သင်္ဘော​ထဲ၌​ရှိ​သော​သူ​တို့​သာ ကြွင်းကျန်​ကြ​လေ​၏​။ ၂၄ ရေ​သည် မြေကြီး​ပေါ်မှာ ရက်​ပေါင်း​တစ်ရာ့​ငါးဆယ်​ပတ်လုံး လွှမ်းမိုး​လေ​၏​။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00