ဘေဘီလုံရဲတိုက်

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ကမ္ဘာဦးကျမ်း ၁၁: ၁-၉

၁ ထိုစဉ်က ကမ္ဘာမြေ​တစ်ခွင်လုံး​တွင် ဘာသာစကား​တစ်မျိုးတည်း​၊ အသုံးအနှုန်း​တစ်မျိုးတည်း​ရှိ​၏​။ ၂ လူ​တို့​သည် အရှေ့​အရပ်​မှ​ရွှေ့ပြောင်း​၍ ရှိနာ​ပြည်​၌ လွင်ပြင်​ကို​တွေ့​သဖြင့် ထို​နေရာ​၌ အခြေချ​ကြ​၏​။ ၃ သူ​တို့​က “​လာ​ကြ​။ အုတ်​လုပ်​၍ ကောင်း​စွာ​မီးဖုတ်​ကြ​စို့​”​ဟု အချင်းချင်း​ပြောဆို​ကြ​၏​။ ထိုသို့ သူ​တို့​သည် ကျောက်​အစား အုတ်​ကို​ရ​၍ သရွတ်​အစား ကတ္တရာစေး​ကို​ရ​ကြ​၏​။ ၄ ထိုအခါ သူ​တို့​က “​လာ​ကြ​၊ မြေ​တစ်ပြင်လုံး​သို့​ကွဲလွင့်​မ​သွား​စေရန် ငါ​တို့​အတွက်​မြို့​ကို​လည်းကောင်း​၊ မိုးကောင်းကင်​အထိ ထိပ်ဖျား​ရောက်​သော​ရဲတိုက်​ကို​လည်းကောင်း တည်ဆောက်​၍ ငါ​တို့​နာမည်​ကျော်စော​အောင်​ပြု​ကြ​စို့​”​ဟု ပြောဆို​ကြ​၏​။ ၅ ထာဝရဘုရား​သည် လူသား​တို့​တည်ဆောက်​သော မြို့​နှင့်​ရဲတိုက်​ကို​ကြည့်ရှု​ရန် ဆင်းသက်​တော်မူ​၏​။ ၆ ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ သူ​တို့​အားလုံး​သည် လူမျိုး​တစ်မျိုးတည်း​၊ ဘာသာစကား​တစ်မျိုးတည်း​ဖြစ်​သဖြင့် ဤ​အမှု​ကို​စတင်​ပြု​ကြ​ပြီ​။ ယခု သူ​တို့​ပြုလုပ်​ရန်​ကြံစည်​သမျှ​တို့​တွင် သူ​တို့​အတွက် မဖြစ်နိုင်​သော​အရာ တစ်စုံတစ်ခု​မျှ​ရှိ​လိမ့်မည်​မ​ဟုတ်​။ ၇ လာ​ကြ​၊ ငါ​တို့​သည်​ဆင်းသွား​၍ သူ​တို့​အချင်းချင်း​ပြောဆို​သော​စကား​ကို သူ​တို့​နား​မ​လည်​ကြ​စေရန် ထို​အရပ်​တွင် သူ​တို့​၏​ဘာသာစကား​ကို ရှုပ်ထွေး​စေ​ကြ​စို့​”​ဟု မိန့်​တော်မူ​၏​။ ၈ ထိုသို့ ထာဝရဘုရား​သည် သူ​တို့​ကို ထို​အရပ်​မှ မြေ​တစ်ပြင်လုံး​သို့ ကွဲလွင့်​စေ​တော်မူ​သဖြင့် သူ​တို့​သည် မြို့​တည်ဆောက်​ခြင်း​ကို ရပ်တန့်​ကြ​၏​။ ၉ ထာဝရဘုရား​သည် ထို​နေရာ​တွင် မြေကြီးသား​အပေါင်း​တို့​၏​ဘာသာစကား​ကို ရှုပ်ထွေး​စေ​တော်မူ​၏​။ ထို့ကြောင့် ထို​မြို့​၏​အမည်​ကို ဘေဘီလုံ ဟု​ခေါ်​ကြ​၏​။ ထို့ပြင် ထာဝရဘုရား​သည် သူ​တို့​ကို ထို​အရပ်​မှ မြေ​တစ်ပြင်လုံး​သို့ ကွဲလွင့်​စေ​တော်မူ​၏​။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00