၁ တစ်ဖန် ထာဝရဘုရားက မောရှေအား ၂ “တစ်စုံတစ်ယောက်သည် အပ်နှံပစ္စည်း၊ အာမခံပစ္စည်း၊ လုယက်ယူသောပစ္စည်းတို့နှင့်ပတ်သက်၍ မိမိ၏အိမ်နီးချင်းကိုလှည့်စားခြင်းဖြင့်လည်းကောင်း၊ မိမိအိမ်နီးချင်းကို အနိုင်အထက်ပြုခြင်းဖြင့်လည်းကောင်း အပြစ်ပြု၍ ထာဝရဘုရားရှေ့တော်၌ မှားယွင်းမှုကိုပြုလျှင်၊ ၃ ပျောက်သောပစ္စည်းကို တွေ့ထားသော်လည်း ၎င်းနှင့်ပတ်သက်၍ လိမ်ညာခြင်းဖြင့်လည်းကောင်း၊ လူပြုသောအမှုတစ်စုံတစ်ခုနှင့်ပတ်သက်၍ မဟုတ်မမှန်ကျိန်ဆိုခြင်းဖြင့်လည်းကောင်း ထိုသို့သောအမှုတို့ဖြင့်အပြစ်ပြုလျှင် ၄ သူသည် အပြစ်ပြု၍ အပြစ်သက်ရောက်သောကြောင့် လုယူထားသောပစ္စည်းကိုဖြစ်စေ၊ အနိုင်အထက်ပြုခြင်းဖြင့်ရယူထားသောပစ္စည်းကိုဖြစ်စေ၊ ယုံကြည်၍အပ်နှံထားသောပစ္စည်းကိုဖြစ်စေ၊ တွေ့ထားသည့်ပစ္စည်းကိုဖြစ်စေ ပြန်ပေးရမည်။ ၅ မဟုတ်မမှန်ကျိန်ဆိုထားသောအရာအားလုံးနှင့်ပတ်သက်၍ တန်ရာတန်ကြေးအလျော်ပေးရမည့်အပြင် အလျော်ပေးရသည့်တန်ဖိုး၏ငါးပုံတစ်ပုံကိုလည်း ထပ်ပေါင်း၍ အပြစ်ဒဏ်ဖြေရာယဇ်ပူဇော်သောနေ့၌ပင် သက်ဆိုင်သူကို အလျော်ပေးရမည်။ ၆ သူသည် မိမိ၏အပြစ်ဒဏ်ဖြေရာယဇ်အတွက် သင်တန်ဖိုးဖြတ်ထားသည့်အတိုင်း သိုးအုပ်ထဲမှအပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားရှေ့တော် ယဇ်ပုရောဟိတ်ထံ ယူဆောင်လာရမည်။ ၇ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူ့အပေါ် အပြစ်သက်ရောက်စေသော သူကျူးလွန်ခဲ့သည့်အပြစ်အတွက် အပြစ်လွှတ်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.