မနာခံမှုသံသရာ

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

တရားသူကြီးမှတ်စာ ၂: ၁၀-၂၃

၁၀ ယောရှု​လက်ထက်​မျိုးဆက်​တစ်ဆက်လုံး သေဆုံး​၍​ဘိုးဘေး​တို့​စုစည်း​ရာ​သို့ ရောက်​လေ​၏​။ ထို​မျိုးဆက်​ပြီးမှ ထာဝရဘုရား​ကို မ​သိ​သော​၊ အစ္စရေး​အမျိုးသား​တို့​အဖို့ ထာဝရဘုရား​ပြု​တော်မူ​သော​အမှု​ကို​မ​သိ​သော နောက်​မျိုးဆက်​တစ်ဆက် ပေါ်လာ​၏​။ ၁၁ အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​မျက်မှောက်​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​၏​။ ဗာလ​ဘုရား​ကို ဝတ်ပြု​ကြ​၏​။ ၁၂ သူ​တို့​သည် အီဂျစ်​ပြည်​မှ မိမိ​တို့​ကို​ထုတ်ဆောင်​တော်မူ​ခဲ့​သည့် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​စွန့်ပယ်​ပြီး မိမိ​တို့​ပတ်လည်​ရှိ​လူမျိုး​တို့​၏​ဘုရား​များ​နောက်သို့​လိုက်​၍ ထို​ဘုရား​များ​ကို​ရှိခိုးကိုးကွယ်​ခြင်း​ဖြင့် ထာဝရဘုရား​၏​အမျက်​တော်​ကို​နှိုးဆော်​ကြ​၏​။ ၁၃ သူ​တို့​သည် ထာဝရဘုရား​ကို စွန့်​၍ ဗာလ​ဘုရား​နှင့် အာရှတရက်​ဘုရား​တို့​ကို ဝတ်ပြု​ကြ​၏​။ ၁၄ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​၍ တိုက်ခိုက်လုယက်​သော​သူ​တို့​လက်​ထဲသို့​အပ်လိုက်​တော်မူ​သဖြင့် ထို​သူ​တို့​သည် သူ​တို့​ကို​တိုက်ခိုက်လုယက်​ကြ​၏​။ သူ​တို့​ဝန်းကျင်​ရှိ ရန်သူ​တို့​ထံ သူ​တို့​ကို ရောင်းလိုက်​တော်မူ​သဖြင့် သူ​တို့​သည် ရန်သူ​တို့​ကို မ​ခုခံ​နိုင်​ကြ​တော့​ပေ​။ ၁၅ ထာဝရဘုရား ကျိန်ဆို​မိန့်မြွက်​သည့်​အတိုင်း သူ​တို့ စစ်ချီ​လေရာရာ​၌ ထာဝရဘုရား​၏​လက်​တော်​သည် သူ​တို့​အပေါ် ကျရောက်​သဖြင့် ဘေးအန္တရာယ်​နှင့် ကြုံတွေ့​ရ​၍ အလွန်​ဒုက္ခရောက်​ရ​ကြ​၏​။ ၁၆ ထို့နောက်မှ ထာဝရဘုရား​သည် တိုက်ခိုက်လုယက်​သော​သူ​တို့​လက်​မှ သူ​တို့​ကို ကယ်တင်​ပေး​မည့် တရားသူကြီး​များ​ကို ပေါ်ထွန်း​စေ​တော်မူ​၏​။ ၁၇ သို့သော် သူ​တို့​သည် တရားသူကြီး​တို့​၏​စကား​ကို နား​မ​ထောင်​၊ အခြား​ဘုရား​များ​ကို ရှိခိုးကိုးကွယ်​လျက် ဖောက်ပြန်မှားယွင်း​ကြ​၏​။ ဘိုးဘေး​တို့ နာခံ​လိုက်လျှောက်​ခဲ့​ကြ​သော​ထာဝရဘုရား​၏​ပညတ်တရား​လမ်း​မှ အလျင်အမြန်​လမ်း​လွဲသွား​ကြ​၏​။ ထို​လမ်း​အတိုင်း မ​လိုက်လျှောက်​ကြ​။ ၁၈ ထာဝရဘုရား​သည် သူ​တို့​အဖို့ တရားသူကြီး​ကို ပေါ်ထွန်း​စေ​ပြီ​ဆိုလျှင် ထို​တရားသူကြီး​နှင့် ထာဝရဘုရား​အတူ​ရှိ​တော်မူ​၍ ထို​တရားသူကြီး​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ​တို့​ကို ရန်သူ့​လက်​မှ ကယ်တင်​ပေး​တော်မူ​၏​။ အကြောင်းမှာ သူ​တို့ ညှဉ်းဆဲ​ခံရ​ချိန်​၊ ဒုက္ခရောက်​ချိန်​တွင် ညည်းတွား​မြည်တမ်း​ကြ​သဖြင့် ထာဝရဘုရား​သည် သူ​တို့​ကို သနား​တော်မူ​၏​။ ၁၉ သို့သော် ထို​တရားသူကြီး သေလွန်​သွား​သောအခါ သူ​တို့​သည် အခြား​ဘုရား​များ​ဘက်​သို့​ပြန်လှည့်​၍ ထို​ဘုရား​များ​နောက်သို့​လိုက်​လျက် ထို​ဘုရား​များ​ကို ဝတ်ပြု​ကိုးကွယ်​ကြ​ပြန်​၏​။ ဘိုးဘေး​တို့​ထက် သာ၍​အကျင့်ပျက်ပြား​ကြ​၏​။ သူ​တို့​၏​အကျင့်စရိုက်​၊ ဆိုးညစ်​သော​အပြုအမူ​များ​ကို မ​စွန့်ပစ်​ကြ​။ ၂၀ ထို့ကြောင့် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့​ကို အမျက်ထွက်​သဖြင့် “​ဤ​လူမျိုး​သည် ငါ့​စကား​ကို နား​မ​ထောင်​၊ ဘိုးဘေး​တို့​နှင့် ငါ​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​ကို ချိုးဖောက်​ကြ​သောကြောင့် ၂၁ ယောရှု​သေလွန်​ပြီးမှ သူ​တို့​ထဲတွင် ကျန်​နေ​ခဲ့​သော​မည်သည့်​လူမျိုးခြား​ကို​မျှ သူ​တို့​ရှေ့​မှ ငါ​နှင်ထုတ်​တော့​မည်​မ​ဟုတ်​။ ၂၂ အစ္စရေး​လူမျိုး​တို့​သည် ဘိုးဘေး​တို့​ကဲ့သို့ ထာဝရဘုရား​၏​လမ်း​တော်​အတိုင်း လိုက်လျှောက်​မည်​၊ မ​လိုက်လျှောက်​မည်​ကို သိရှိ​ရန် ဤ​လူမျိုးခြား​များ​ဖြင့် သူ​တို့​ကို စမ်းသပ်​မည်​”​ဟု မိန့်​တော်မူ​၏​။ ၂၃ ဤသို့ဖြင့် ထာဝရဘုရား​သည် ဤ​လူမျိုးခြား​တို့​ကို ယောရှု​လက်​သို့ မ​အပ်​၊ ချက်ချင်း​မ​နှင်ထုတ်​ဘဲ နေ​လေ​၏​။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00