ဒုက္ခဝေဒနာခံရသောဘုရားသခင်၏အစေခံ

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ဟေရှာယအနာဂတ္တိကျမ်း ၅၂: ၁၃-၅၃: ၁၂

၁၃ ကြည့်ရှု​လော့​။ ငါ့​အစေအပါး​သည် ပညာသတိ​ရှိ​စွာ​လုပ်ဆောင်​မည်​။ သူ​သည် ချီးမြှင့်​မြှောက်စား​ခြင်း​ခံရ​၍ အထွတ်အမြတ်​ဖြစ်​မည်​။ ၁၄ သူ​၏​ရုပ်ရည်​သည် လူ​မ​ဟုတ်​သကဲ့သို့​၊ သူ​၏​ရုပ်ဆင်းသဏ္ဌာန်​သည် လူသား​မ​ဟုတ်​သကဲ့သို့ ရုပ်ပျက်ဆင်းပျက်​ဖြစ်​သဖြင့် လူ​များစွာ​တို့​သည် သူ့​ကို​အလွန်​အံ့အားသင့်​ကြ​၏​။ ၁၅ သူ​သည် လူမျိုး​များစွာ​တို့​ကို သန့်ရှင်း​စေ​မည်​။ ရှင်ဘုရင်​တို့​သည် သူ့​ကြောင့် နှုတ်​ပိတ်​လျက်​နေ​မည်​။ အကြောင်းမူကား သူ​တို့​အား မ​ပြောပြ​ဖူး​သော​အရာ​ကို သူ​တို့​သိမြင်​ကြ​လိမ့်မည်​။ သူ​တို့​မ​ကြား​ဖူး​သော​အရာ​ကို​လည်း သူ​တို့​နားလည်​ကြ​လိမ့်မည်​။ ၁ ငါ​တို့​ဟောပြော​သော​သတင်းစကား​ကို မည်သူ​ယုံကြည်​ပါ​သနည်း​။ ထာဝရဘုရား​၏​လက်ရုံး​တော်​သည် မည်သူ့​ထံ ဖော်ပြ​ခြင်း​ခံရ​ပါ​သနည်း​။ ၂ အကြောင်းမှာ သူ​သည် နုနယ်​သော​အပင်​ကဲ့သို့​၊ ခြောက်သွေ့​သော​မြေ​မှ အမြစ်​ကဲ့သို့ ကိုယ်တော်​၏​ရှေ့​တော်​၌ ရှင်သန်​၏​။ သူ​သည် ရှုချင်စဖွယ် ပုံပန်းသဏ္ဌာန်​မ​ရှိ​။ ခန့်ညားထည်ဝါမှု​လည်း​မ​ရှိ​။ နှစ်သက်ဖွယ် ရုပ်ရည်​လည်း​မ​ရှိ​။ ၃ သူ​သည် မထီမဲ့မြင်ပြု​ခြင်း​ကို​ခံရ​၏​။ လူ​တို့​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​၏​။ ဒုက္ခဝေဒနာ​ခံရ​သော​သူ​၊ နာကျင်​ခြင်း​ဝေဒနာ​နှင့် မိတ်ဖွဲ့​ရ​သူ​ဖြစ်​၏​။ မျက်နှာ​လွှဲ​ခြင်း​ဖြင့် သူ့​ကို​မထီမဲ့မြင်ပြု​ကြ​၏​။ ငါ​တို့​သည်​လည်း သူ့​ကို​အလေး​မ​ထား​ကြ​။ ၄ အကယ်စင်စစ် သူ​သည် ငါ​တို့​၏​အနာရောဂါ​များ​ကို ယူဆောင်​သွား​၏​။ ငါ​တို့​၏​ဒုက္ခဝေဒနာ​များ​ကို ထမ်းသွား​၏​။ ငါ​တို့​မူကား သူ့​အား ဘုရားသခင်​၏​ဒဏ်ခတ်​ခြင်း​ကို​ခံရ​သော​သူ​၊ ရိုက်နှက်​ခြင်း​ကို​ခံရ​သော​သူ​၊ နှိပ်စက်​ခြင်း​ကို​ခံရ​သော​သူ​ဟု ထင်မှတ်​ကြ​၏​။ ၅ သူ​သည် ငါ​တို့​ကျူးလွန်​သော​အပြစ်​များ​အတွက် ထိုးဖောက်​ခြင်း​ခံရ​၏​။ ငါ​တို့​၏​ဒုစရိုက်​များ​အတွက် ချိုးဖဲ့ခြေမွှ​ခြင်း​ခံရ​၏​။ ငါ​တို့​အတွက် ငြိမ်းချမ်း​ခြင်း​ကို​ဖြစ်စေ​သော ဆုံးမ​ခြင်း​သည် သူ့​အပေါ်​ကျရောက်​၍ သူ​ခံရ​သော​ဒဏ်ရာဒဏ်ချက်​အားဖြင့် ငါ​တို့​သည် အနာပျောက်ကင်း​လျက်​ရှိ​ကြ​၏​။ ၆ ငါ​တို့​ရှိသမျှ​သည် လမ်းလွဲ​သော​သိုး​ကဲ့သို့ ကိုယ့်​လမ်း​သို့ အသီးသီး​လိုက်သွား​ကြ​သည်​ဖြစ်၍ ထာဝရဘုရား​သည် ငါ​တို့​၏​အပြစ်​ရှိသမျှ​ကို သူ့​အပေါ်​ကျရောက်​စေ​တော်မူ​၏​။ ၇ သူ​သည် ညှဉ်းဆဲ​နှိပ်စက်​ခြင်း​ခံရ​သော်လည်း နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏​။ အသတ်​ခံရ​မည့်​နေရာ​သို့ ခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​သိုးသငယ်​ကဲ့သို့​၊ အမွေးညှပ်​သော​သူ​ရှေ့​၌ တိတ်ဆိတ်​စွာ​နေ​သော​သိုး​ကဲ့သို့ နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏​။ ၈ သူ​သည် ဖိနှိပ်​ခြင်း​ခံရ​၏​။ စီရင်ခြင်း​လည်း​ခံရ​၏​။ သူ့​ကို​ခေါ်ဆောင်​သွား​ကြ​၏​။ သူ​သည် သက်ရှိ​ကမ္ဘာမြေ​မှ​ဖယ်ထုတ်​ခြင်း​ခံရ​ကြောင်း​၊ ငါ့​လူမျိုး​တော်​တို့ ကျူးလွန်​သော​အပြစ်​ကြောင့် ရိုက်နှက်​ခြင်း​ခံရ​ကြောင်း​ကို သူ​၏​မျိုးဆက်​မှ မည်သူ​သည် ဆင်ခြင်အောက်မေ့​မည်နည်း​။ ၉ သူ​သည် ရက်စက်ကြမ်းကြုတ်မှု​ကို​မ​ပြု​။ သူ​၏​နှုတ်​၌ လိမ်လည်လှည့်ဖြား​ခြင်း​မ​ရှိ​သော်လည်း သူ့​ကို ဆိုးယုတ်​သော​သူ​တို့​နှင့်အတူ​မြှုပ်နှံ​ရန် စီရင်​ကြ​၏​။ သူ​သေ​သောအခါ ချမ်းသာ​သော​သူ​၌​ရှိ​၏​။ ၁၀ ထာဝရဘုရား​သည် သူ့​ကို​ချိုးဖဲ့ခြေမွှ​ရန် အလို​တော်​ရှိ​၏​။ သူ့​ကို​နာကျင်​စေ​တော်မူ​၏​။ သူ​၏​စိတ်ဝိညာဉ်​သည် အပြစ်ဒဏ်ဖြေရာယဇ်​ကို ပူဇော်​ပြီးလျှင် သူ​သည် သားစဉ်မြေးဆက်​ကို​မြင်​ရ​မည်​။ သူ​၏​နေ့ရက်​တို့​သည် ရှည်​၍ ထာဝရဘုရား​၏​အလို​တော်​သည် သူ​၏​လက်​၌ ပြည့်စုံ​ခြင်း​သို့​ရောက်​မည်​။ ၁၁ သူ​သည် မိမိ​စိတ်ဝိညာဉ်​ခံစား​ရ​သော ဒုက္ခဝေဒနာ​၏​အကျိုး​ကို​မြင်​၍ အားရကျေနပ်​မည်​။ ဖြောင့်မတ်​သော​ငါ​၏​အစေအပါး​သည် သူ​၏​အသိပညာ​အားဖြင့် လူ​များစွာ​တို့​ကို ဖြောင့်မတ်​သော​သူ​ဖြစ်စေ​မည်​။ သူ​တို့​၏​ဒုစရိုက်​များ​ကို ထမ်းသွား​မည်​။ ၁၂ သူ​သည် အသက်​စွန့်​၍ အသေခံ​ခဲ့​၏​။ အပြစ်ကျူးလွန်​သူ​တို့​၏​စာရင်း​တွင် ထည့်သွင်း​ခြင်း​ခံရ​၏​။ သူ​သည် လူ​များစွာ​တို့​၏​အပြစ်​ကို​ထမ်းသွား​၍ အပြစ်ကျူးလွန်​သော​သူ​တို့​အတွက် ကြားဝင်စေ့စပ်​ပေး​၏​။ ထို့ကြောင့် ငါ​သည် သူ့​အား ကြီးမြတ်​သော​သူ​တို့​နှင့်အတူ ဝေစု​တစ်​စု​ခွဲဝေ​ပေး​မည်​။ သူ​သည် အားကြီး​သော​သူ​တို့​နှင့်အတူ လုယက်ပစ္စည်း​ကို ခွဲဝေ​မည်​။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00