သခင်ယေရှုမွေးဖွားခြင်း

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်လုကာခရစ်ဝင် ၂: ၁-၂၀

၁ ထို​နေ့ရက်​များ​၌ ဩဂုတ္တု​ဆီဇာ​သည် လက်အောက်ခံ​နိုင်ငံ​အားလုံး​တွင် သန်းခေါင်စာရင်း​ကောက်​ယူ​ရန် အမိန့်​ထုတ်ပြန်​လေ​၏။ ၂ ဤသည်ကား ကုရေနိ​မင်း​သည် ဆီးရီးယား​ပြည်​၏​ဘုရင်ခံ​ဖြစ်​စဉ်တွင် ပထမ​အကြိမ်​သန်းခေါင်စာရင်း​ကောက်​ယူ​ခြင်း​ဖြစ်​၏။ ၃ ထိုအခါ လူ​အပေါင်း​တို့​သည် သန်းခေါင်စာရင်း​ဝင်​ရန် မိမိ​တို့​ဇာတိ​မြို့​သို့ အသီးသီး​သွား​ကြ​၏။ ၄⁻၅ ယောသပ်​သည်​လည်း ဒါဝိဒ်​အမျိုး၊ ဒါဝိဒ်​၏​အဆက်အနွယ်​ဖြစ်​သောကြောင့် မိမိ​နှင့်​စေ့စပ်​ထား​သူ​ဖြစ်​သည့် ကိုယ်ဝန်​အရင့်အမာ​ရှိ​သော​မာရိ​နှင့်အတူ သန်းခေါင်စာရင်း​ဝင်​ရန် ဂါလိလဲ​နယ်၊ နာဇရက်​မြို့​မှ ဗက်လင်​မြို့​ဟု​ခေါ်​သော ယုဒ​နယ်​ရှိ ဒါဝိဒ်​မြို့​သို့​သွား​လေ​၏။ ၆ ထို​မြို့​၌​သူ​တို့​ရှိ​နေ​ကြ​စဉ် မာရိ​သည် သားဖွား​ရန်​နေ့​လ​စေ့​သဖြင့် ၇ သား​ဦး​ကို​ဖွားမြင်​လေ​၏။ ဧည့်ရိပ်သာ​တွင် သူ​တို့​အတွက်​နေရာ​မ​ရှိ​သောကြောင့် သူငယ်​ကို​အနှီး​နှင့်​ပတ်ရစ်​ပြီး နွားစားခွက်​၌​သိပ်​ထား​လေ​၏။ ၈ ထို​အရပ်​ဒေသ​တွင် သိုးထိန်း​များ​ရှိ​ကြ​၍ သူ​တို့​သည်​ကွင်းပြင်​၌​နေ​လျက် မိမိ​တို့​၏​သိုးအုပ်​ကို ည​အခါ​စောင့်​နေ​ကြ​၏။ ၉ ထိုအခါ ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​တစ်​ပါး​သည် သူ​တို့​ရှေ့၌​ပေါ်လာ​၍ ထာဝရ​ဘုရား​၏​ဘုန်း​အသရေ​တော်​သည် သူ​တို့​ပတ်လည်​တွင်​ထွန်းလင်း​သဖြင့် သူ​တို့​သည် အလွန်​ကြောက်ရွံ့​တုန်လှုပ်​ကြ​၏။ ၁၀ သို့သော် ကောင်းကင်တမန်​က “ကြောက်ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ အကြောင်းမူကား လူ​အပေါင်း​တို့​အတွက် အလွန်​ဝမ်းမြောက်​စရာ​ဖြစ်​မည့် ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား ငါ​ပြောကြား​မည်။ ၁၁ ယနေ့​တွင် ဒါဝိဒ်​၏​မြို့​၌ သခင်​ခရစ်တော်​တည်းဟူသော​ကယ်တင်ရှင်​သည် သင်​တို့​အတွက် ဖွားမြင်​တော်မူ​ပြီ။ ၁၂ သင်​တို့​သိ​နိုင်​သည့် အမှတ်​လက္ခဏာ​ဟူမူကား အနှီး​နှင့်​ပတ်ရစ်​ပြီး နွားစားခွက်​၌ သိပ်​ထား​သော​ကလေးငယ်​ကို သင်​တို့​တွေ့​ကြ​လိမ့်မည်”​ဟု သူ​တို့​အား မြွက်ဆို​လေ​၏။ ၁၃ ထို​ခဏချင်း​တွင် ထို​ကောင်းကင်တမန်​နှင့်အတူ များစွာ​သော​ကောင်းကင်​ဗိုလ်ခြေ​သည်​ပေါ်လာ​၍ ဘုရားသခင်​ကို​ချီးမွမ်း​ကာ ၁၄ “အမြင့်ဆုံး​သော​အရပ်​၌ ဘုရားသခင်​သည် ဘုန်း​ကြီး​တော်မူ​စေ​သတည်း။ မြေကြီး​ပေါ်၌​လည်း နှစ်သက်​တော်မူ​သော​သူ​တို့​အပေါ် ငြိမ်သက်​ခြင်း​ရှိ​စေ​သတည်း”​ဟု မြွက်ဆို​ကြ​၏။ ၁၅ ကောင်းကင်တမန်​တို့​သည် သူ​တို့​ထံမှ ကောင်းကင်​သို့​ပြန်​တက်သွား​ကြ​သောအခါ သိုးထိန်း​တို့​က “ငါ​တို့​သည်​ဗက်လင်​မြို့​သို့​သွား​၍ ငါ​တို့​အား ထာဝရ​ဘုရား​ဖော်ပြ​တော်မူ​သော​အရာ​ကို ကြည့်ရှု​ကြ​ကုန်စို့”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ၁၆ ထို့နောက် သူ​တို့​သည် အလျင်အမြန်​သွား​၍ မာရိ​နှင့် ယောသပ်​ကို​လည်းကောင်း၊ နွားစားခွက်​၌​သိပ်​ထား​သော​ကလေးငယ်​ကို​လည်းကောင်း တွေ့​ကြ​၏။ ၁၇ သူ​တို့​ကို​တွေ့မြင်​ကြ​ပြီးနောက် သိုးထိန်း​တို့​သည် ထို​သူငယ်​နှင့်​ပတ်သက်၍ မိမိ​တို့​အား​မြွက်ဆို​တော်မူ​သော​အရာ​ကို အနှံ့အပြား​ပြောကြား​ကြ​၏။ ၁၈ ကြား​ရ​သော​သူ​အပေါင်း​တို့​သည်​လည်း မိမိ​တို့​အား သိုးထိန်း​တို့​ပြောဆို​သော​အကြောင်းအရာ​များ​ကြောင့် အံ့ဩ​ကြ​၏။ ၁၉ မာရိ​မူကား ဤ​အခြင်းအရာ​အလုံးစုံ​တို့​ကို မိမိ​စိတ်နှလုံး​ထဲ၌​မှတ်ကျုံး​၍ စဉ်းစား​ဆင်ခြင်​လျက်​နေ​၏။ ၂၀ သိုးထိန်း​တို့​သည် မိမိ​တို့​အား​မြွက်ဆို​ထား​သည့်​အတိုင်း မြင်​ရ​ကြား​ရ​သဖြင့် ထို​အမှုအရာ​အားလုံး​တို့​အတွက် ဘုရားသခင်​၏​ဘုန်း​တော်၊ ဂုဏ်​တော်​ကို ချီးမွမ်း​လျက် ပြန်​သွား​ကြ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00