၂၉ နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။ ၃၀ ‘ငါ့ထက်အလျင်ဦးစွာရှိနှင့်သည်ဖြစ်၍ ငါ့ထက်ကြီးမြတ်သောအရှင်သည် ငါ့နောက်တွင်ကြွလာမည်’ဟု ငါဆိုခဲ့သည်မှာ ထိုအရှင်၏အကြောင်းပင်ဖြစ်သည်။ ၃၁ ငါသည်လည်း အစက သူ့ကိုမသိ။ သို့ရာတွင် အစ္စရေးလူမျိုးရှေ့၌ သူ့ကိုထင်ရှားစေရန် ငါသည်လာ၍ ရေ၌ဗတ္တိဇံပေးလျက်နေသည်”ဟု ဆို၏။ ၃၂ တစ်ဖန် ယောဟန်သည် သက်သေခံသည်ကား “ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကောင်းကင်မှဆင်းသက်၍ သူ့အပေါ်၌တည်တော်မူသည်ကို ငါမြင်ရပြီ။ ၃၃ ငါသည်လည်း အစက သူ့ကိုမသိ။ သို့ရာတွင် ရေ၌ဗတ္တိဇံပေးရန် ငါ့ကိုစေလွှတ်တော်မူသောအရှင်က ‘တစ်စုံတစ်ဦးအပေါ်သို့ ဝိညာဉ်တော်ဆင်းသက်၍ သူ့အပေါ်၌တည်တော်မူသည်ကို သင်မြင်လျှင် ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံပေးသောသူဖြစ်၏’ဟု ငါ့အားမိန့်တော်မူခဲ့သည့်အတိုင်း ၃၄ ငါမြင်ရသဖြင့် ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို ငါသက်သေခံသည်”ဟု ဆိုလေ၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.