၁ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဂျော်ဒန်မြစ်မှ ပြန်ကြွတော်မူ၏။ ထို့နောက် ဝိညာဉ်တော်၏ပင့်ဆောင်ခြင်းကိုခံတော်မူ၍ ၂ တောကန္တာရ၌ ရက်ပေါင်းလေးဆယ်နေလျက် မာရ်နတ်၏ဖြားယောင်းသွေးဆောင်ခြင်းကိုခံတော်မူ၏။ ထိုကာလအတွင်း၌ မည်သည့်အစာကိုမျှ မသုံးဆောင်ဘဲနေတော်မူသဖြင့် ထိုနေ့ရက်များကုန်လွန်သောအခါ ဆာလောင်တော်မူ၏။ ၃ ထိုအခါ မာရ်နတ်က “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေရန် အမိန့်ရှိပါ”ဟု လျှောက်လေ၏။ ၄ ယေရှုကလည်း“ ‘လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်’ဟူ၍ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။ ၅ ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကိုပင့်ဆောင်သွား၍ တစ်ခဏချင်းတွင် ကမ္ဘာ့နိုင်ငံအားလုံးတို့ကို ကိုယ်တော်အားညွှန်ပြကာ ၆ “ဤအခွင့်အာဏာရှိသမျှနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်တို့ကို သင့်အား ငါပေးမည်။ အကြောင်းမူကား ဤအရာကို ငါ့ထံ အပ်နှင်းထားပြီးဖြစ်၍ ၎င်းကို ငါပေးလိုသောသူအား ငါပေး၏။ ၇ သို့ဖြစ်၍ သင်သည် ငါ့ကိုရှိခိုးလျှင် ဤအရာအားလုံးသည် သင့်ဥစ္စာဖြစ်လိမ့်မည်”ဟု လျှောက်လေ၏။ ၈ ယေရှုကလည်း“ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။ ၉ ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွား၍ ဗိမာန်တော်ထိပ်ဖျား၌ရပ်စေပြီးလျှင် “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤနေရာမှ အောက်သို့ခုန်ချပါ။ ၁၀ အကြောင်းမှာ ‘သင့်ကိုစောင့်ရှောက်စေရန် ဘုရားသခင်သည် မိမိ၏ကောင်းကင်တမန်တို့ကို သင့်အဖို့မိန့်မှာတော်မူမည်ဖြစ်၍ ၁၁ သင်၏ခြေကို ကျောက်နှင့်မထိမခိုက်စေရန် သူတို့သည် သင့်ကို လက်ဖြင့် ချီပင့်ကြလိမ့်မည်’ဟူ၍ကျမ်းစာ၌ရေးထားသည်”ဟု လျှောက်လေ၏။ ၁၂ ယေရှုကလည်း“ ‘သင်၏ဘုရားသခင်ထာဝရဘုရားကို အကဲမစမ်းရ’ဟူ၍ မိန့်တော်မူထားသည်”ဟု ပြန်၍မိန့်တော်မူ၏။ ၁၃ မာရ်နတ်သည် ဖြားယောင်းသွေးဆောင်ခြင်းအားလုံးတို့ကိုပြုပြီးနောက် အခါအခွင့်ရောက်သည်အထိ ကိုယ်တော်ထံမှ ဆုတ်ခွာသွားလေ၏။ ၁၄ ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့်ပြည့်ဝလျက် ဂါလိလဲနယ်သို့ပြန်ကြွတော်မူသောအခါ ကိုယ်တော်နှင့်ပတ်သက်သောသတင်းသည် ထိုဒေသဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။ ၁၅ ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းများတွင် သွန်သင်တော်မူရာ လူအပေါင်းတို့သည် ကိုယ်တော်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။ ၁၆ ထို့နောက် ကိုယ်တော်သည် မိမိကြီးပြင်းရာနာဇရက်မြို့သို့ကြွတော်မူ၏။ ဥပုသ်နေ့တွင် မိမိပြုလေ့ရှိသည့်အတိုင်း ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ ကျမ်းစာကိုဖတ်ကြားရန် ထတော်မူလျှင် ၁၇ ပရောဖက်ဟေရှာယ၏ကျမ်းကို ကိုယ်တော်အားပေးကြ၏။ ထိုကျမ်းစာလိပ်ကိုဖွင့်၍ တွေ့တော်မူသောကျမ်းပိုဒ်၌ ရေးထားသည့်အချက်မှာ ၁၈ “ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူ၍ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသောသူတို့အား လွတ်မြောက်ခြင်းအကြောင်းနှင့် မျက်မမြင်တို့အား မျက်စိပြန်မြင်ခြင်းအကြောင်းကို ဟောပြောစေရန်လည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို လွတ်မြောက်ရာသို့ပို့ဆောင်ရန်လည်းကောင်း၊ ၁၉ ထာဝရဘုရား၏မင်္ဂလာနှစ်ကို ဟောပြောစေရန်လည်းကောင်း ကိုယ်တော်သည် ငါ့ကိုစေလွှတ်တော်မူပြီ”ဟူ၍ ဖြစ်၏။ ၂၀ ထို့နောက် ကိုယ်တော်သည် ထိုကျမ်းစာလိပ်ကို လိပ်၍ အစောင့်တာဝန်ခံအားပြန်ပေးပြီး ထိုင်တော်မူလျှင် ဝတ်ပြုစည်းဝေးကျောင်းတွင်ရှိသောသူအားလုံးတို့သည် ကိုယ်တော်ကိုစေ့စေ့ကြည့်ကြ၏။ ၂၁ ထိုအခါ ကိုယ်တော်က“ဤကျမ်းချက်သည် ယနေ့၌ပင် သင်တို့ကြားရသည့်အတိုင်း ပြည့်စုံလေပြီ”ဟု မိန့်တော်မူ၏။ ၂၂ လူအပေါင်းတို့သည် ကိုယ်တော်ကိုချီးကျူးကြပြီး ကိုယ်တော်၏တင့်တယ်သော နှုတ်ထွက်စကားတို့ကို အံ့သြလျက် “ဤသူသည် ယောသပ်၏သားမဟုတ်လော”ဟု ဆိုကြ၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.