၃၅ ထိုနေ့ ညနေချမ်းအချိန်ရောက်သောအခါ ကိုယ်တော်က“တစ်ဖက်ကမ်းသို့ကူးကြစို့”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ၃၆ ထို့ကြောင့် သူတို့သည် လူထုပရိသတ်ကိုချန်ထားခဲ့၍ လှေပေါ်၌ရှိနေသောကိုယ်တော်ကို ခေါ်ဆောင်သွားကြ၏။ အခြားသောလှေများသည်လည်း ကိုယ်တော်နှင့်အတူလိုက်ပါကြ၏။ ၃၇ ထိုအခါ ပြင်းထန်သောလေမုန်တိုင်းကျရောက်လာ၍ လှိုင်းများသည် လှေကိုရိုက်ခတ်သဖြင့် လှေသည် ရေနှင့်ပြည့်လုနီးပါးဖြစ်လေ၏။ ၃၈ သို့သော် ကိုယ်တော်သည် လှေပဲ့ပိုင်းတွင် ခေါင်းအုံးအုံးလျက် အိပ်စက်နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ကိုနှိုးလျက် “ဆရာ၊ အကျွန်ုပ်တို့သေရတော့မည်ကို ကိုယ်တော်ဂရုမစိုက်ဘဲနေတော်မူသလော”ဟု လျှောက်ကြ၏။ ၃၉ ထိုအခါ ကိုယ်တော်သည်ထ၍ လေကိုဆုံးမကာ ပင်လယ်အား“တိတ်ဆိတ်ငြိမ်သက်လော့”ဟု မိန့်တော်မူရာ လေသည်ငြိမ်သဖြင့် အလွန်ငြိမ်သက်သာယာသွားလေ၏။ ၄၀ ထို့နောက် ကိုယ်တော်က“အဘယ်ကြောင့် ကြောက်တတ်သနည်း။ ယခုထိ ယုံကြည်ခြင်းမရှိကြသေးသလော”ဟု သူတို့အား မိန့်တော်မူ၏။ ၄၁ သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်လျက် “ဤသူကား မည်သူဖြစ်သနည်း။ လေနှင့်ပင်လယ်တို့ပင်လျှင် သူ့ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။
၁ ထို့နောက် သူတို့သည် ပင်လယ်တစ်ဖက်ကမ်းရှိ ဂါရစနယ်သို့ရောက်ကြ၏။ ၂ ယေရှုသည် လှေပေါ်မှဆင်းတော်မူသည့်ခဏချင်းတွင် ညစ်ညူးသောနတ်ပူးနေသည့် လူတစ်ဦးသည် သင်္ချိုင်းမှထွက်လာ၍ ကိုယ်တော်ကိုဆီးကြိုလေ၏။ ၃ ထိုသူသည် သင်္ချိုင်း၌နေတတ်ပြီး မည်သူမျှ သူ့ကို သံကြိုးနှင့်ပင်ချည်နှောင်ထား၍ မရနိုင်ချေ။ ၄ အဘယ်ကြောင့်ဆိုသော် သူ့ကို ခြေချင်းနှင့်သံကြိုးတို့ဖြင့် အကြိမ်ကြိမ်ချည်နှောင်ခဲ့ကြသော်လည်း သူသည် သံကြိုးများကိုဆွဲဖြတ်ကာ ခြေချင်းများကို အပိုင်းပိုင်းကျိုးပဲ့စေသောကြောင့် မည်သူမျှ သူ့ကို မထိန်းချုပ်နိုင်ကြချေ။ ၅ သူသည် သင်္ချိုင်း၌လည်းကောင်း၊ တောင်ပေါ်၌လည်းကောင်း နေ့ညမပြတ်အော်ဟစ်လျက် ကျောက်တုံးများဖြင့် မိမိကိုယ်ကိုအနာတရဖြစ်စေ၏။ ၆ သူသည် ယေရှုကိုအဝေးမှမြင်လျှင် ပြေးလာ၍ ကိုယ်တော်ကိုရှိခိုးကာ ၇ “အမြင့်ဆုံးသောဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်နှင့် အကျွန်ုပ်မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကိုမညှဉ်းဆဲပါရန် ဘုရားသခင်ကိုအမှီပြု၍ ကိုယ်တော်အား အကျွန်ုပ်အလေးအနက်တောင်းပန်ပါ၏”ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်လျှောက်ထားလေ၏။ ၈ ထိုသို့လျှောက်ထားခြင်းမှာ ကိုယ်တော်သည် ထိုသူအား“ညစ်ညူးသောနတ်၊ ဤလူထဲမှ ထွက်သွားလော့”ဟု မိန့်တော်မူသောကြောင့်ဖြစ်၏။ ၉ တစ်ဖန် ကိုယ်တော်က“သင့်နာမည် မည်သို့ခေါ်သနည်း”ဟု မေးတော်မူရာ ထိုသူက “အကျွန်ုပ်၏နာမည်မှာ လေဂေါင်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် များစွာရှိကြသောကြောင့်ဖြစ်၏”ဟု လျှောက်လေ၏။ ၁၀ ထို့နောက် မိမိတို့ကို ထိုအရပ်ဒေသမှနှင်ထုတ်တော်မမူရန် ကိုယ်တော်အား အနူးအညွတ်တောင်းပန်လေ၏။ ၁၁ ထိုအရပ်အနီးအနားရှိ တောင်ကုန်းပေါ်၌ ဝက်အုပ်ကြီးတစ်အုပ်ကျက်စားလျက်ရှိ၏။ ၁၂ နတ်ဆိုးတို့က “ဝက်များထဲသို့ ဝင်ရပါမည့်အကြောင်း ၎င်းတို့ထဲသို့ အကျွန်ုပ်တို့ကို စေလွှတ်တော်မူပါ”ဟု တောင်းပန်ကြ၏။ ၁၃ ကိုယ်တော်သည်လည်း ခွင့်ပြုတော်မူသဖြင့် ညစ်ညူးသောနတ်တို့သည်ထွက်သွား၍ ဝက်များထဲသို့ဝင်ကြရာ နှစ်ထောင်ခန့်ရှိသောဝက်အုပ်သည် တောင်ကမ်းပါးအတိုင်း ပင်လယ်ထဲသို့ တစ်ဟုန်ထိုးပြေးဆင်းကာ ပင်လယ်ထဲ၌ ရေနစ်သေဆုံးကြကုန်၏။ ၁၄ ဝက်ထိန်းကျောင်းသောသူတို့သည် ထွက်ပြေး၍ မြို့နှင့်တောရွာများတွင် ပြောကြားကြသဖြင့် လူတို့သည် မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကိုကြည့်ရှုရန် ထွက်လာကြ၏။ ၁၅ ယေရှုထံသို့ရောက်လာကြသောအခါ လေဂေါင်စွဲခဲ့သည့် နတ်ဆိုးပူးသူသည် အဝတ်ဝတ်ထားကာ ပကတိစိတ်ရှိလျက်ထိုင်နေသည်ကိုတွေ့မြင်လျှင် ကြောက်ရွံ့ကြ၏။ ၁၆ မျက်မြင်တွေ့ရှိသူများကလည်း နတ်ဆိုးပူးသူ၌ မည်ကဲ့သို့ဖြစ်ပျက်ခဲ့သည်ကိုလည်းကောင်း၊ ဝက်တို့အကြောင်းကိုလည်းကောင်း သူတို့အားပြောပြကြ၏။ ၁၇ ထိုအခါ သူတို့သည် မိမိတို့၏အရပ်ဒေသမှ ထွက်သွားတော်မူရန် ကိုယ်တော်အားတောင်းပန်ကြ၏။ ၁၈ ကိုယ်တော်သည် လှေပေါ်သို့တက်တော်မူစဉ် နတ်ဆိုးပူးခဲ့သူက ကိုယ်တော်နှင့်အတူလိုက်ပါခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်လေ၏။ ၁၉ သို့သော် ကိုယ်တော်သည် ခွင့်ပြုတော်မမူဘဲ“သင့်အိမ်၊ သင့်မိသားစုထံသို့သွား၍ သင့်အပေါ် ထာဝရဘုရားပြုတော်မူသမျှသောအရာနှင့် သင့်ကိုသနားတော်မူကြောင်းကို သူတို့အားပြောပြလော့”ဟု မိန့်တော်မူ၏။ ၂၀ ထိုအခါ သူသည်ထွက်သွား၍ မိမိအပေါ်ယေရှုပြုတော်မူသမျှတို့ကို ဒေကာပေါလိနယ်၌ပြောကြားသဖြင့် လူအပေါင်းတို့သည်အံ့သြကြ၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.