၉ မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုယုံမှတ်လျက် သူတစ်ပါးတို့ကို မထီမဲ့မြင်ပြုတတ်သောသူအချို့တို့အား ကိုယ်တော်သည် ဤပုံဥပမာကိုပေး၍မြွက်ဆိုတော်မူသည်မှာ ၁၀ “လူနှစ်ဦးတို့သည် ဆုတောင်းရန် ဗိမာန်တော်သို့တက်သွားကြ၏။ တစ်ဦးသည် ဖာရိရှဲဖြစ်ပြီး အခြားတစ်ဦးသည် အခွန်ကောက်ခံသူဖြစ်၏။ ၁၁ ဖာရိရှဲသည် တစ်ဦးတည်းရပ်လျက် ‘အို ဘုရားသခင်၊ အကျွန်ုပ်သည် အခြားသူများကဲ့သို့ လိမ်လည်လုယူသောသူ၊ မဖြောင့်မတ်သောသူ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သောသူမဟုတ်သည့်အပြင် ဤအခွန်ကောက်ခံသူကဲ့သို့လည်း မဟုတ်သောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။ ၁၂ အကျွန်ုပ်သည် တစ်ပတ်လျှင် နှစ်ကြိမ်အစာရှောင်ပြီး ရရှိသမျှအားလုံး၏ဆယ်ဖို့တစ်ဖို့ကိုလှူပါ၏’ဟု ဆုတောင်းလေ၏။ ၁၃ အခွန်ကောက်ခံသူမူကား အဝေး၌ရပ်လျက် ကောင်းကင်သို့ပင်မော်မကြည့်ဝံ့ဘဲ ရင်ဘတ်စည်တီးလျက် ‘အို ဘုရားသခင်၊ အပြစ်များသောအကျွန်ုပ်ကို သနားတော်မူပါ’ဟု ဆုတောင်း၏။ ၁၄ သင်တို့အား ငါဆိုသည်ကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် မိမိအိမ်သို့ပြန်သွားသောသူမှာ ဤအခွန်ကောက်ခံသူဖြစ်၍ ထိုဖာရိရှဲမဟုတ်။ အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။ ၁၅ ထိုအခါ ကိုယ်တော်တို့ထိပေးတော်မူရန် လူတို့သည် ကလေးငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့မြင်လျှင် သူတို့ကိုဆူငေါက်ကြ၏။ ၁၆ သို့ရာတွင် ယေရှုသည် ထိုကလေးသူငယ်များကိုခေါ်၍“ကလေးသူငယ်တို့ငါ့ထံသို့လာကြပါလေစေ။ သူတို့ကိုမတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။ ၁၇ သင်တို့အား ငါအမှန်ဆိုမည်။ ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်တစ်ဦးကဲ့သို့လက်မခံသောသူသည် ထိုနိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။ ၁၈ တစ်ခါက အကြီးအကဲတစ်ဦးသည် ကိုယ်တော်အား “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အရာကို ပြုရပါမည်နည်း”ဟု မေးလျှောက်လေ၏။ ၁၉ ယေရှုက“ငါ့ကိုကောင်းမြတ်သောသူဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းမှလွဲ၍ ကောင်းမြတ်သောသူတစ်စုံတစ်ဦးမျှမရှိ။ ၂၀ ‘အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ။ လူမသတ်ရ။ မခိုးယူရ။ မမှန်သောသက်သေထွက်ဆိုခြင်းမပြုရ။ သင်၏မိခင်နှင့်ဖခင်တို့ကို ရိုသေလော့’ဟူသောပညတ်တော်တို့ကို သင်သိသည်မဟုတ်လော”ဟု မိန့်တော်မူ၏။ ၂၁ ထိုသူကလည်း “အကျွန်ုပ်သည် ဤအရာအားလုံးကို ငယ်စဉ်ကတည်းက စောင့်ထိန်းပါပြီ”ဟု လျှောက်လေ၏။ ၂၂ ယေရှုသည် ထိုစကားကိုကြားလျှင်“သင်၌တစ်ခုလိုသေး၏။ သင်၌ရှိသမျှသောအရာအားလုံးတို့ကို ရောင်းပြီးလျှင် ဆင်းရဲသားတို့အား ခွဲဝေပေးလော့။ ထိုသို့ပြုလျှင် သင်သည် ကောင်းကင်ဘုံ၌ ဥစ္စာဘဏ္ဍာကိုရလိမ့်မည်။ ထို့နောက် လာ၍ ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။ ၂၃ ထိုသူသည် အလွန်ချမ်းသာသောသူဖြစ်သောကြောင့် ထိုစကားကိုကြားသောအခါ အလွန်ဝမ်းနည်းလေ၏။ ၂၄ ယေရှုသည် ထိုသူအလွန်ဝမ်းနည်းသည်ကိုမြင်လျှင်“ငွေကြေးချမ်းသာသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှသည်တကား။ ၂၅ ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန်ထက် ကုလားအုတ်သည် အပ်နဖားပေါက်မှလျှိုဝင်ရန် ပို၍လွယ်ကူ၏”ဟု မိန့်တော်မူ၏။ ၂၆ ထိုစကားကိုကြားသောသူတို့က “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရနိုင်ပါမည်နည်း”ဟု ပြောဆိုကြ၏။ ၂၇ ကိုယ်တော်ကလည်း“လူတို့အတွက်မဖြစ်နိုင်သောအရာများသည် ဘုရားသခင်အတွက်ဖြစ်နိုင်၏”ဟု မိန့်တော်မူ၏။ ၂၈ ထိုအခါ ပေတရုက “အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ပိုင်ဆိုင်သောအရာများကိုစွန့်၍ ကိုယ်တော်၏နောက်သို့လိုက်ခဲ့ကြပါပြီ”ဟု လျှောက်လေ၏။ ၂၉ ကိုယ်တော်ကလည်း“သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်အတွက် အိမ်ကိုဖြစ်စေ၊ ဇနီးကိုဖြစ်စေ၊ ညီအစ်ကိုကိုဖြစ်စေ၊ မိဘကိုဖြစ်စေ၊ သားသမီးများကိုဖြစ်စေ စွန့်သောသူတို့တွင် ၃၀ ယခုဘဝ၌ အဆပေါင်းများစွာသောအကျိုးကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း မရဘဲနေမည့်သူတစ်စုံတစ်ဦးမျှမရှိ”ဟု မိန့်တော်မူ၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.