ဘုရားကိုချစ်ပါ၊ လူကိုချစ်ပါ။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်လုကာခရစ်ဝင် ၁၀: ၂၅-၃၇

၂၅ တစ်ခါက ကျမ်းတတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ထ​၍ “ဆရာ၊ ထာဝရ​အသက်​ကို​အမွေ​ဆက်ခံ​ရန် မည်သည့်​အမှု​ကို အကျွန်ုပ်​ပြု​ရ​ပါ​မည်နည်း”​ဟု ကိုယ်တော်​ကို​အကဲစမ်း​၍​မေးလျှောက်​လေ​၏။ ၂၆ ကိုယ်တော်​က​လည်း“ပညတ်​တရား​ကျမ်း​တွင် မည်သို့​ရေး​ထား​သနည်း။ သင်​မည်သို့​ဖတ်​ရ​သနည်း”​ဟု မေး​တော်မူ​လျှင် ၂၇ ထို​သူ​က “သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို သင်​၏​စိတ်နှလုံး​အကြွင်းမဲ့၊ သင်​၏​စိတ်​ဝိညာဉ်​တစ်ခုလုံး၊ သင်​၏​အစွမ်းသတ္တိ​ရှိသမျှ​နှင့် သင်​၏​အသိဉာဏ်​ရှိသမျှ​တို့​ဖြင့် ချစ်​ရ​မည်​ဟူ၍​လည်းကောင်း၊ ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်​ဟူ၍​လည်းကောင်း ဖြစ်​ပါ​သည်”​ဟု လျှောက်​လေ​၏။ ၂၈ ကိုယ်တော်​က​လည်း“မှန်​ပေ​၏။ ထို​အတိုင်း​ပြု​လော့။ သို့ပြုလျှင် အသက်ရှင်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ၂၉ ထို​သူ​သည် မိမိကိုယ်ကို​ဖြောင့်မတ်​ကြောင်း ဖော်ပြ​လို​၍ “သို့ဖြစ်လျှင် မည်သူ​သည် အကျွန်ုပ်​၏​ဝန်းကျင်​၌​ရှိ​သော​သူ​ဖြစ်​သနည်း”​ဟု ယေရှု​အား မေးလျှောက်​လေ​၏။ ၃၀ ယေရှု​က“လူ​တစ်​ဦး​သည် ဂျေရုဆလင်​မြို့​မှ ဂျေရိခေါ​မြို့​သို့​ဆင်း​လာ​စဉ် ဓားပြ​များ​နှင့်​ကြုံတွေ့​ရ​၏။ ဓားပြ​တို့​သည် သူ​၏​အဝတ်​များ​ကို​ချွတ်​ယူ​ပြီး ရိုက်နှက်​ကာ သူ့​ကို​သေလုမြောပါး​အခြေအနေ​၌​ထားခဲ့​၍ ထွက်သွား​ကြ​၏။ ၃၁ ယဇ်ပုရောဟိတ်​တစ်​ပါး​သည် အကြောင်း​တိုက်ဆိုင်​၍ ထို​လမ်း​အတိုင်း​ဆင်း​လာ​ပြီး ထို​သူ​ကို​မြင်​လျှင် လမ်း​၏​အခြား​တစ်ဖက်​မှ ရှောင်ကွင်း​သွား​လေ​၏။ ၃၂ ထိုနည်းတူ လေဝိ​အနွယ်ဝင်​တစ်​ဦး​သည်​လည်း ထို​နေရာ​သို့​ရောက်လာ​၍ သူ့​ကို​မြင်​လျှင် လမ်း​၏​အခြား​တစ်ဖက်​မှ ရှောင်ကွင်း​သွား​လေ​၏။ ၃၃ သို့သော် ရှမာရိ​နယ်သား​တစ်​ဦး​သည် ခရီး​သွား​ရင်း သူ့​အနား​သို့​ရောက်လာ​၍ သူ့​ကို​မြင်​လျှင် ကြင်နာ​စိတ်​ရှိ​သဖြင့် ၃၄ ချဉ်းကပ်​လျက် သူ​၏​ဒဏ်ရာ​များ​အပေါ် ဆီ​နှင့်​စပျစ်​ဝိုင်​ကို​လောင်း​ထည့်​ကာ အဝတ်​နှင့်​ပတ်စည်း​ပေး​၏။ ထို့နောက် သူ့​ကို မိမိ​၏​တိရစ္ဆာန်​ပေါ်​တင်​လျက် တည်းခိုခန်း​သို့ ခေါ်ဆောင်​သွား​၍ ပြုစု​စောင့်ရှောက်​လေ​၏။ ၃၅ နောက်တစ်နေ့​တွင် ဒေနာရိ​နှစ်​ပြား​ကို​ထုတ်​၍ တည်းခိုခန်း​ပိုင်ရှင်​အား​ပေး​ပြီးလျှင် ‘ဤ​သူ​ကို ပြုစု​စောင့်ရှောက်​ပေး​ပါ။ နောက်ထပ် ကုန်ကျ​သမျှ​ကို အကျွန်ုပ်​ပြန်လာ​သောအခါ သင့်​အား ပြန်​ပေး​ပါ​မည်’​ဟု ပြော​လေ​၏။ ၃၆ ထို​သူ​သုံး​ဦး​တို့​တွင် မည်သူ​သည် ဓားပြ​လက်​တွင်း​သို့ ကျရောက်​ခဲ့​သူ​၏​ဝန်းကျင်​၌​ရှိ​သော​သူ ဖြစ်​သည်​ဟု သင်​ထင်​သနည်း”​ဟူ၍ မေး​တော်မူ​၏။ ၃၇ ထို​သူ​က​လည်း “သူ့​အပေါ်​ကရုဏာ​ပြ​သော​သူ​ဖြစ်​ပါ​၏”​ဟု လျှောက်​လျှင် ယေရှု​က“သင်​သည်​လည်း သွား​၍ ထိုနည်းတူ​ပြု​လော့”​ဟု မိန့်​တော်မူ​၏။

ရှင်လုကာခရစ်ဝင် ၆: ၂၇-၃၁

၂၇ သို့သော် ယခု​နားထောင်​နေ​သော သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်သူ​များ​ကို ချစ်​ကြ​လော့။ သင်​တို့​ကို​မုန်း​သော​သူ​တို့​အပေါ် ကောင်း​စွာ​ပြု​ကြ​လော့။ ၂၈ သင်​တို့​ကို​ကျိန်ဆဲ​သော​သူ​တို့​အား ကောင်းချီး​ပေး​ကြ​လော့။ သင်​တို့​ကို​ကဲ့ရဲ့​ရှုတ်ချ​သော​သူ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ ၂၉ သင်​၏​ပါး​တစ်ဖက်​ကို​ရိုက်​သော​သူ​အား နောက်​တစ်ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။ သင်​၏​ဝတ်ရုံ​ကို​ယူ​သော​သူ​အား အင်္ကျီ​ကို​လည်း ယူ​ခွင့်​ပေး​ဦး​လော့။ ၃၀ သင့်​ထံ တောင်း​သော​သူ​တိုင်း​အား ပေးကမ်း​လော့။ သင့်​ပစ္စည်း​များ​ကို​ယူ​သွား​သော​သူ​တို့​ထံမှ ပြန်​၍​မ​တောင်း​နှင့်။ ၃၁ သင်​တို့​သည် သူတစ်ပါး​အား​သင်​တို့​အပေါ်​ပြု​စေ​လို​သည့်​အတိုင်း သူတစ်ပါး​အပေါ်​ပြု​ကြ​လော့။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00