၁ အခွန်ကောက်ခံသူတို့နှင့် အပြစ်သားအပေါင်းတို့သည် ကိုယ်တော်၏တရားတော်ကိုနားထောင်ရန် အထံတော်သို့ချဉ်းကပ်လာကြ၏။ ၂ ထိုအခါ ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့က “ဤသူသည် အပြစ်သားများကိုလက်ခံ၍ သူတို့နှင့်အတူစားသောက်ပါသည်တကား”ဟု ဝေဖန်ပြစ်တင်ကြ၏။ ၃ သို့သော် ကိုယ်တော်သည် သူတို့အား ဤပုံဥပမာကိုပေး၍မြွက်ဆိုတော်မူသည်မှာ ၄ “သင်တို့ထဲမှ တစ်စုံတစ်ဦး၌ သိုးအကောင်တစ်ရာရှိပြီး ၎င်းတို့ထဲမှ တစ်ကောင်သည်ပျောက်ဆုံးလျှင် သူသည် ကိုးဆယ့်ကိုးကောင်ကို တောကန္တာရ၌ထားခဲ့၍ ပျောက်ဆုံးသောသိုးကိုမတွေ့မချင်းလိုက်ရှာမည်မဟုတ်လော။ ၅ ထိုသိုးကိုတွေ့လျှင် သူသည် ဝမ်းမြောက်လျက် ၎င်းကို မိမိပခုံးပေါ်တင်၍ ၆ အိမ်သို့ပြန်လာပြီးလျှင် မိတ်ဆွေများနှင့် အိမ်နီးချင်းများကိုခေါ်လျက် ‘ပျောက်ဆုံးသောငါ့သိုးကို ပြန်တွေ့ပြီဖြစ်၍ ငါနှင့်အတူဝမ်းမြောက်ကြလော့’ဟု ဆိုလိမ့်မည်။ ၇ ထိုနည်းတူ နောင်တရစရာမလိုသည့် ဖြောင့်မတ်သောသူကိုးဆယ့်ကိုးဦးအတွက်ထက် နောင်တရသည့်အပြစ်သားတစ်ဦးအတွက် ကောင်းကင်ဘုံ၌ ပို၍ကြီးမားသောဝမ်းမြောက်ခြင်းရှိလိမ့်မည်ဟု သင်တို့အားငါဆို၏။ ၈ ထိုမှတစ်ပါး အမျိုးသမီးတစ်ဦး၌ ငွေဒင်္ဂါးဆယ်ပြားရှိပြီး ၎င်းတို့ထဲမှ တစ်ပြားသည်ပျောက်ဆုံးလျှင် သူသည် ဆီမီးထွန်း၍ အိမ်ကိုလှဲကျင်းကာ ၎င်းကိုမတွေ့မချင်းသေချာစွာရှာမည်မဟုတ်လော။ ၉ ထိုဒင်္ဂါးကိုတွေ့လျှင် သူသည် မိတ်ဆွေများနှင့် အိမ်နီးချင်းများကိုခေါ်လျက် ‘ပျောက်ဆုံးသောငွေဒင်္ဂါးကို ငါပြန်တွေ့ပြီဖြစ်၍ ငါနှင့်အတူဝမ်းမြောက်ကြလော့’ဟု ဆိုလိမ့်မည်။ ၁၀ ထိုနည်းတူ နောင်တရသောအပြစ်သားတစ်ဦးအတွက် ဘုရားသခင်၏ကောင်းကင်တမန်များထဲတွင်ဝမ်းမြောက်ခြင်းရှိ၏ဟု သင်တို့အား ငါဆို၏”ဟူ၍ မိန့်တော်မူ၏။ ၁၁ တစ်ဖန် ကိုယ်တော်က“လူတစ်ဦး၌ သားနှစ်ယောက်ရှိ၏။ ၁၂ သားငယ်သည် ဖခင်အား ‘အဖေ၊ အကျွန်ုပ်ရထိုက်သောအမွေပစ္စည်းကို ခွဲဝေပေးပါ’ဟု ဆိုသဖြင့် ဖခင်သည် သူ၏ဥစ္စာပစ္စည်းများကို သူတို့အား ခွဲဝေပေးလေ၏။ ၁၃ ထို့နောက် ရက်များမကြာမီ သားငယ်သည် မိမိ၌ရှိသမျှတို့ကိုစုစည်းပြီးလျှင် ဝေးလံသောတိုင်းပြည်သို့ခရီးထွက်၍ ထိုအရပ်၌ အထိန်းအကွပ်မရှိအသက်ရှင်လျက် မိမိ၏အမွေပစ္စည်းများကို ဖြုန်းတီးလေ၏။ ၁၄ မိမိ၌ရှိသမျှတို့ကို အကုန်သုံးစွဲပြီးသောအခါ ထိုပြည်အနှံ့တွင် ကြီးစွာသောငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်သဖြင့် သူသည် ဆင်းရဲနွမ်းပါးခြင်းသို့ရောက်လေ၏။ ၁၅ ထိုအခါ သူသည် ထိုပြည်မှပြည်သားတစ်ဦးထံ သွားရောက်မှီခိုရာ ထိုသူသည် ဝက်တို့ကိုထိန်းကျောင်းရန် သူ့ကို မိမိလယ်သို့စေလွှတ်လေ၏။ ၁၆ သူသည် ဝက်များစားနေသောပဲတောင့်များဖြင့် မိမိဝမ်းကိုဖြည့်ရန် တောင့်တခဲ့၏။ သို့သော် မည်သူကမျှ သူ့ကို စားစရာမပေးခဲ့ချေ။ ၁၇ ထိုအခါ သူသည် အသိတရားပြန်ရ၍ ‘ငါ့အဖေထံ၌ အလုပ်သမားမည်မျှပင်များစေကာမူ သူတို့တွင် စားစရာအလျှံပယ်ရှိ၏။ ငါမူကား ဤအရပ်၌ အစာငတ်လျက် သေလုမတတ်ဖြစ်နေရ၏။ ၁၈ ငါသည်ထ၍ ငါ့အဖေထံသို့သွားပြီး “အဖေ၊ အကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖေ့ကိုလည်းကောင်း ပြစ်မှားခဲ့ပါပြီ။ ၁၉ အကျွန်ုပ်သည် အဖေ၏သားဟူ၍အခေါ်ခံရန် မထိုက်တန်တော့ပါ။ အကျွန်ုပ်ကို အဖေ၏အလုပ်သမားတစ်ဦးအဖြစ်ထားပါ”ဟူ၍ ငါပြောမည်’ဟု ဆိုပြီးလျှင် ၂၀ ထ၍ မိမိဖခင်ထံသို့ပြန်လာလေ၏။ သူသည် အဝေး၌ရှိနေစဉ်ပင် သူ၏ဖခင်သည် သူ့ကိုမြင်လျှင် ကြင်နာစိတ်ရှိသဖြင့် ပြေးလာ၍ သူ့ကိုဖက်လျက် နမ်းလေ၏။ ၂၁ သားကလည်း ‘အဖေ၊ အကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖေ့ကိုလည်းကောင်း ပြစ်မှားခဲ့ပါပြီ။ အကျွန်ုပ်သည် အဖေ၏သားဟူ၍အခေါ်ခံရန် မထိုက်တန်တော့ပါ’ဟု ဆို၏။ ၂၂ သို့သော် ဖခင်သည် မိမိအစေအပါးတို့အား ‘အကောင်းဆုံးသောဝတ်လုံကို အမြန်ယူခဲ့၍ သူ့ကိုဝတ်ပေးကြလော့။ လက်၌ လက်စွပ်ကိုစွပ်ပေး၍ ခြေ၌ ဖိနပ်ကိုစီးစေကြလော့။ ၂၃ ဆူဖြိုးသောနွားသငယ်ကိုလည်းဆွဲလာ၍ သတ်ကြလော့။ ငါတို့သည် ပျော်ရွှင်စွာစားကြစို့။ ၂၄ အကြောင်းမူကား ငါ၏ဤသားသည် သေဆုံးခဲ့သော်လည်း ပြန်ရှင်လာပြီး ပျောက်ဆုံးခဲ့သော်လည်း ပြန်တွေ့ရပြီ’ဟု ဆိုလေ၏။ ထို့နောက် သူတို့သည် ပျော်ပွဲရွှင်ပွဲကိုအစပြုကြလေ၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.