ဘုရားသခင်ကို တုံ့ပြန်ပုံအမျိုးမျိုး

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်မဿဲခရစ်ဝင် ၁၃: ၁-၉

၁ ထို​နေ့​၌​ပင် ယေရှု​သည် အိမ်​မှ​ထွက်​၍ ပင်လယ်​ကမ်းနား​တွင် ထိုင်​တော်မူ​လျှင် ၂ များစွာ​သော​လူထု​ပရိသတ်​တို့​သည် အထံ​တော်​သို့​စုဝေး​လာ​ကြ​သဖြင့် ကိုယ်တော်​သည် လှေ​ပေါ်သို့​တက်​၍ ထိုင်​တော်မူ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​မူကား ကမ်း​ပေါ်တွင် ရပ်​နေ​ကြ​၏။ ၃ ထိုအခါ ကိုယ်တော်​သည် များစွာ​သော​အရာ​တို့​ကို ပုံ​ဥပမာ​များ​ဖြင့် သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“နားထောင်​ကြ​လော့။ မျိုးကြဲ​သော​သူ​သည် မျိုးကြဲ​ရန် ထွက်သွား​လေ​၏။ ၄ ထို​သူ​မျိုးကြဲ​စဉ်​တွင် အချို့​သော​မျိုးစေ့​တို့​သည် လမ်း​ဘေး​တွင်​ကျ​သဖြင့် ငှက်​တို့​သည်​လာ​၍ ၎င်း​တို့​ကို ကောက်စား​ကြ​၏။ ၅ အချို့​တို့​မူကား မြေ​နည်း​၍ ကျောက်​ပေါ​သော​နေရာ​တွင်​ကျ​သဖြင့် မြေသား​ပါး​သောကြောင့် ချက်ချင်း​အပင်​ပေါက်လာ​၏။ ၆ သို့သော် နေ​ထွက်လာ​၍ နေလောင်​ဒဏ်​ခံရ​သောအခါ အမြစ်​မ​စွဲ​သောကြောင့် ညှိုးနွမ်း​ခြောက်သွေ့​သွား​လေ​၏။ ၇ အချို့​တို့​မူကား ဆူးပင်​တို့​တွင်​ကျ​သဖြင့် ဆူးပင်​တို့​ကြီးထွား​လာ​၍ ၎င်း​တို့​ကို ကာဆီး​ပိတ်ဆို့​ကြ​၏။ ၈ အချို့​တို့​မူကား ကောင်း​သော​မြေ​၌​ကျ​သဖြင့် အချို့​သည် အဆ​တစ်ရာ၊ အချို့​သည် အဆ​ခြောက်ဆယ်၊ အချို့​သည် အဆ​သုံးဆယ် အသီး​သီး​လေ​၏။ ၉ နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏။

ရှင်မဿဲခရစ်ဝင် ၁၃: ၁၈-၂၃

၁၈ ထို့ကြောင့် မျိုးကြဲ​သော​သူ​၏​ပုံ​ဥပမာ​ကို သင်​တို့​နားထောင်​ကြ​လော့။ ၁၉ မည်သူမဆို နိုင်ငံ​တော်​နှင့်ဆိုင်သော​တရား​စကား​ကို​ကြား​၍ နား​မ​လည်​ဘဲ​နေ​လျှင် မာရ်နတ်​သည်​လာ​၍ သူ​၏​စိတ်နှလုံး​ထဲ၌​ကြဲ​ထား​သော​အရာ​ကို လုယူ​လေ​၏။ လမ်း​ဘေး​တွင်​ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ ထိုသို့သော​သူ​ကို​ဆို​လို​၏။ ၂၀ ကျောက်​ပေါများ​သော​နေရာ​တွင်​ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ ဝမ်းမြောက်​စွာ​ဖြင့် ချက်ချင်း​လက်ခံ​သော​သူ​ကို​ဆို​လို​၏။ ၂၁ သို့သော် သူ​၌​အမြစ်​မ​စွဲ​သဖြင့် ခဏ​သာ​ခံ​၏။ တရား​စကား​ကြောင့် ဆင်းရဲ​ဒုက္ခ၊ သို့မဟုတ် ညှဉ်းဆဲ​ခြင်း​ရောက်လာ​သောအခါ ချက်ချင်း​စိတ်ပျက်​သွား​လေ​၏။ ၂၂ ဆူးပင်​တို့​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​သော်လည်း လောကီရေးရာ​၌​စိုးရိမ်​ပူပန်​ခြင်း​နှင့် စည်းစိမ်​၏​လှည့်ဖြား​ခြင်း​တို့​က တရား​စကား​ကို ကာဆီး​ပိတ်ဆို့​သဖြင့် အသီး​မ​သီး​သော​သူ​ကို​ဆို​လို​၏။ ၂၃ ကောင်း​သော​မြေ​ပေါ်၌ ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ နားလည်​သော​သူ​ကို​ဆို​လို​၏။ ထိုသို့သော​သူ​သည် အမှန်ပင် အသီး​သီး​၍ အချို့​သည် အဆ​တစ်ရာ၊ အချို့​သည် အဆ​ခြောက်ဆယ်၊ အချို့​သည် အဆ​သုံးဆယ် သီး​လေ​၏”​ဟု မိန့်​တော်မူ​၏။

ရှင်မဿဲခရစ်ဝင် ၁၃: ၄၄-၄၆

၄၄ ကောင်းကင်​နိုင်ငံ​တော်​သည် လယ်​၌​ဝှက်​ထား​သော ဥစ္စာ​ဘဏ္ဍာ​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ၎င်း​ကို​တွေ့​သောအခါ ပြန်လည်​ဝှက်​ထား​ပြီးလျှင် ဝမ်းမြောက်​စွာ​ဖြင့်​သွား​၍ သူ​၌​ရှိ​သော​အရာ​အားလုံး​ကို​ရောင်း​လျက် ထို​လယ်​ကို​ဝယ်​လေ​၏။ ၄၅ တစ်ဖန် ကောင်းကင်​နိုင်ငံ​တော်​သည် ကောင်း​သော​ပုလဲ​ကို​ရှာဖွေ​နေ​သော ကုန်သည်​နှင့်​တူ​၏။ ၄၆ သူ​သည် အလွန်​အဖိုးတန်​သော​ပုလဲ​တစ်​လုံး​ကို​တွေ့​သောအခါ သွား​၍ သူ​၌​ရှိ​သမျှ​တို့​ကို​ရောင်း​ပြီးလျှင် ထို​ပုလဲ​ကို​ဝယ်​လေ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00