၃၂ သူတို့သည် ရာဇဝတ်သားနှစ်ယောက်တို့ကိုလည်း ကိုယ်တော်နှင့်အတူသတ်ရန် ခေါ်ဆောင်သွားကြ၏။ ၃၃ ဦးခေါင်းခွံဟုခေါ်ဝေါ်သောအရပ်သို့ရောက်သောအခါ သူတို့သည်ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီး ရာဇဝတ်သားတို့ကိုလည်း လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။ ၃၄ ထိုအခါ ယေရှုက“အို အဖ၊ သူတို့သည် မိမိတို့ပြုနေသောအမှုကို မသိကြသည်ဖြစ်၍ သူတို့ကိုခွင့်လွှတ်တော်မူပါ”ဟု မြွက်ဆိုတော်မူ၏။ သူတို့သည် ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ခွဲဝေကြ၏။ ၃၅ လူတို့သည်ရပ်လျက်ကြည့်နေကြ၏။ အကြီးအကဲတို့မူကား ကိုယ်တော်ကိုပြက်ရယ်ပြု၍ “ဤသူသည် အခြားသူများကိုကယ်တင်ခဲ့၏။ သူသည် ဘုရားသခင်ရွေးကောက်တော်မူသောခရစ်တော်ဖြစ်လျှင် မိမိကိုယ်ကိုကယ်တင်ပါစေ”ဟု ပြောဆိုကြ၏။ ၃၆ စစ်သားတို့သည်လည်း ကိုယ်တော်ကိုပြောင်လှောင်ကြပြီး ကိုယ်တော်ထံသို့ချဉ်းကပ်လျက် ဝိုင်ချဉ်ကိုတိုက်ကာ ၃၇ “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်လျှင် သင့်ကိုယ်သင်ကယ်တင်ပါ”ဟု ဆိုကြ၏။ ၃၈ ကိုယ်တော်၏အပေါ်ဘက်၌ကား “ဤသူသည် ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်၏”ဟူသောကမ္ပည်းစာကိုတပ်ထား၏။ ၃၉ ဆွဲထားခြင်းခံရသောရာဇဝတ်သားတို့ထဲမှ တစ်ဦးသည်လည်း ကိုယ်တော်ကိုစော်ကားလျက် “သင်သည် ခရစ်တော်မဟုတ်လော။ သင့်ကိုယ်သင်ကယ်တင်၍ ငါတို့ကိုလည်းကယ်တင်လော့”ဟု ဆို၏။ ၄၀ သို့သော် အခြားတစ်ဦးသည် သူ့ကိုဆုံးမ၍ “သင်သည် သူနှင့်တူညီသောပြစ်ဒဏ်စီရင်ခြင်းကိုခံရလျက်ပင် ဘုရားသခင်ကိုမကြောက်သလော။ ၄၁ ငါတို့သည် ငါတို့ပြုခဲ့သည့်အမှုများနှင့် ထိုက်သင့်သောဒဏ်ကိုခံကြရသည်ဖြစ်၍ အမှန်ပင်တရားပါသည်။ ဤအရှင်မူကား မည်သည့်အပြစ်ကိုမျှ မပြုခဲ့ပါ”ဟု ဆို၏။ ၄၂ ထို့နောက် “ယေရှု၊ ကိုယ်တော်၏နိုင်ငံတော်သို့ ကိုယ်တော်ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုသတိရတော်မူပါ”ဟု လျှောက်လေ၏။ ၄၃ ကိုယ်တော်ကလည်း“သင့်အား ငါအမှန်ဆိုမည်။ သင်သည် ယနေ့ပင် ငါနှင့်အတူပရဒိသုဘုံ၌ရှိမည်”ဟု သူ့အား မိန့်တော်မူ၏။ ၄၄ ထိုအချိန်ကား မွန်းတည့်ချိန်ခန့်ဖြစ်၏။ ထိုမှမွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လေ၏။ ၄၅ နေ၏အလင်းကွယ်ပျောက်သွားပြီး ဗိမာန်တော်ကန့်လန့်ကာသည် အလယ်မှကွဲသွားလေ၏။ ၄၆ ထိုအခါ ယေရှုသည် ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လျက်“အို အဖ၊ အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်၏လက်သို့ အပ်နှံပါ၏”ဟု မြွက်ဆိုတော်မူ၏။ ထိုသို့မြွက်ဆိုပြီးနောက် အသက်ချုပ်ငြိမ်းတော်မူ၏။ ၄၇ ဤအဖြစ်အပျက်များကို တွေ့မြင်သောတပ်မှူးသည် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် “ဤသူသည် အမှန်ပင်ဖြောင့်မတ်သောသူဖြစ်၏”ဟု ဆိုလေ၏။ ၄၈ ထိုအမှုအရာကိုကြည့်ရှုရန် စုဝေးလာကြသောလူထုပရိသတ်အပေါင်းတို့သည်လည်း ဤအဖြစ်အပျက်များကိုမြင်၍ ရင်ဘတ်စည်တီးလျက်ပြန်သွားကြ၏။ ၄၉ ကိုယ်တော်ကိုသိကျွမ်းသောသူအပေါင်းတို့မှစ၍ ဂါလိလဲနယ်မှ ကိုယ်တော်၏နောက်သို့လိုက်လာကြသော အမျိုးသမီးတို့သည် အဝေးမှရပ်လျက် ဤအခြင်းအရာများကိုကြည့်နေကြ၏။ ၅၀ ထိုအချိန်အခါ၌ ဖြောင့်မတ်၍သူတော်ကောင်းဖြစ်သည့် ယောသပ်အမည်ရှိသော လွှတ်တော်အဖွဲ့ဝင်တစ်ဦးရှိ၏။ ၅၁ သူသည် လွှတ်တော်၏ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်တို့ကို သဘောမတူခဲ့ပေ။ ယောသပ်သည် ယုဒပြည်၊ အရိမသဲမြို့သားဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသူလည်းဖြစ်၏။ ၅၂ သူသည် ပိလတ်မင်းထံသို့သွား၍ ယေရှု၏အလောင်းတော်ကို တောင်းပြီးလျှင် ၅၃ အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှချ၍ ပိတ်ချောဖြင့်ပတ်ရစ်ကာ မည်သူ့ကိုမျှမသင်္ဂြိုဟ်ရသေးသော ကျောက်သင်္ချိုင်းဂူထဲတွင် သွင်းထား၏။ ၅၄ ထိုနေ့ကား ပြင်ဆင်ရာနေ့ဖြစ်၍ ဥပုသ်နေ့သို့ကူးရန် နီးကပ်လာပြီဖြစ်၏။ ၅၅ ဂါလိလဲနယ်မှ ကိုယ်တော်နှင့်အတူပါလာသော အမျိုးသမီးများသည်လည်း နောက်မှလိုက်လာကြ၍ သင်္ချိုင်းတော်ကိုလည်းကောင်း၊ ကိုယ်တော်၏အလောင်းတော်ကို မည်သို့ထားကြသည်ကိုလည်းကောင်း တွေ့မြင်ကြ၏။ ၅၆ ထို့နောက် သူတို့သည်ပြန်သွား၍ ဆီမွှေးနှင့်အမွှေးနံ့သာတို့ကို ပြင်ဆင်ကြ၏။ ဥပုသ်နေ့၌ကား ပညတ်တော်အတိုင်း အနားယူကြ၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.