၉ ထို့နောက် ငါကြည့်လိုက်ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုးနှင့် ဘာသာစကားအသီးသီးတို့မှ မည်သူမျှမရေတွက်နိုင်သည့်များစွာသောလူအစုအဝေးသည် ဖြူသောဝတ်လုံကိုဝတ်ဆင်ထားလျက် သူတို့လက်၌ စွန်ပလွံခက်များကိုင်ဆောင်ကာ ပလ္လင်တော်နှင့်သိုးသငယ်တော်ရှေ့တွင် ရပ်နေကြ၏။ ၁၀ သူတို့က “ကယ်တင်ခြင်းသည် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်တော်၌ရှိ၏”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။ ၁၁ ကောင်းကင်တမန်အပေါင်းတို့သည် ပလ္လင်တော်၊ သက်ကြီးဝါကြီးတို့နှင့် သတ္တဝါလေးပါးတို့၏ပတ်လည်၌ ရပ်နေကြ၏။ သူတို့သည်လည်း ပလ္လင်တော်ရှေ့၌ပျပ်ဝပ်လျက် ဘုရားသခင်ကိုရှိခိုးကာ ၁၂ “အာမင်။ ကောင်းချီးမင်္ဂလာ၊ ဘုန်းအသရေ၊ ဉာဏ်ပညာ၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဂုဏ်သရေ၊ တန်ခိုးနှင့် အစွမ်းသတ္တိတို့သည် ငါတို့ဘုရားသခင်၌ ကမ္ဘာအဆက်ဆက်ရှိပါစေသော။ အာမင်”ဟု မြွက်ဆိုကြ၏။ ၁၃ ထို့နောက် သက်ကြီးဝါကြီးတို့ထဲမှတစ်ပါးက “ဖြူသောဝတ်လုံကိုဝတ်ဆင်ထားသောဤသူတို့သည် မည်သူတို့နည်း။ မည်သည့်အရပ်မှလာကြသနည်း”ဟု ငါ့အားမေး၏။ ၁၄ ငါကလည်း “သခင်၊ ကိုယ်တော်သိပါ၏”ဟု ပြန်လျှောက်လျှင် ထိုသူက “ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခထဲမှ ထွက်လာသောသူများဖြစ်ကြ၏။ သူတို့သည် မိမိတို့၏ဝတ်လုံများကို သိုးသငယ်တော်၏သွေးတော်အားဖြင့် လျှော်ဖွပ်လျက် ဖြူဖွေးစေကြ၏။ ၁၅ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့၌နေ၍ ကိုယ်တော်၏ဗိမာန်တော်တွင် နေ့ရောညပါ ကိုယ်တော်ကိုဝတ်ပြုရကြ၏။ ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်သည်လည်း သူတို့နှင့်အတူစံမြန်းတော်မူလိမ့်မည်။ ၁၆ သူတို့သည် နောက်တစ်ဖန် ဆာလောင်ခြင်း၊ ရေငတ်ခြင်း ရှိတော့မည်မဟုတ်။ နေ၊ သို့မဟုတ် အခြားမည်သည့်အပူရှိန်မျှ သူတို့အပေါ်ကျရောက်မည်မဟုတ်။ ၁၇ အကြောင်းမူကား ပလ္လင်တော်အလယ်တွင်ရှိသောသိုးသငယ်တော်သည် သူတို့ကိုအုပ်ထိန်း၍ အသက်ရေထွက်ရာစမ်းရေတွင်းသို့ သူတို့ကိုလမ်းပြပို့ဆောင်တော်မူလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်”ဟု ဆို၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.