၁ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ၂ နှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။ ၃ ခပ်သိမ်းသောအရာတို့သည် နှုတ်ကပတ်တော်အားဖြင့် ဖြစ်လာ၏။ ဖြစ်လာသောအရာတို့တွင် တစ်စုံတစ်ခုမျှ နှုတ်ကပတ်တော်နှင့်ကင်းလွတ်၍ ဖြစ်လာခြင်းမရှိ။ ၄ နှုတ်ကပတ်တော်၌ အသက်ရှိ၍ ထိုအသက်သည် လူတို့၏အလင်းဖြစ်၏။ ၅ ထိုအလင်းသည် မှောင်မိုက်၌ထွန်းလင်း၍ မှောင်မိုက်သည် သူ့ကိုမလွှမ်းမိုးနိုင်။ ၆ ဘုရားသခင်ထံမှစေလွှတ်ခြင်းခံရသော ယောဟန်အမည်ရှိသူတစ်ဦးပေါ်ထွန်းလာ၏။ ၇ လူအပေါင်းတို့သည် သူ့အားဖြင့် ယုံကြည်လာမည့်အကြောင်း သူသည် အလင်း၏အကြောင်းကိုသက်သေခံရန် သက်သေအဖြစ်လာ၏။ ၈ သူသည်အလင်းမဟုတ်။ အလင်း၏အကြောင်းကိုသက်သေခံရန်သာလာ၏။ ၉ စစ်မှန်သောအလင်းသည် ဤလောကသို့ကြွလာ၍ လူအပေါင်းတို့အား အလင်းကိုပေးသောအရှင်ဖြစ်၏။ ၁၀ ကိုယ်တော်သည် ဤလောက၌ရှိနှင့်တော်မူ၍ ဤလောကသည် ကိုယ်တော်အားဖြင့်ဖြစ်လာသော်လည်း ဤလောကသည် ကိုယ်တော်ကိုမသိ။ ၁၁ ကိုယ်တော်သည် မိမိအရပ်သို့ကြွလာသော်လည်း မိမိလူမျိုးတို့သည် ကိုယ်တော်ကိုလက်မခံကြ။ ၁၂ သို့ရာတွင် ကိုယ်တော်ကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်၏နာမတော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားသမီးများဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ၁၃ ထိုသားသမီးတို့သည် မျိုးရိုးဇာတိအားဖြင့်သော်လည်းကောင်း၊ ကိုယ်ကာယ၏အလိုဆန္ဒအားဖြင့်သော်လည်းကောင်း၊ လူ၏အလိုဆန္ဒအားဖြင့်သော်လည်းကောင်း မွေးဖွားကြသည်မဟုတ်။ ဘုရားသခင်အားဖြင့်သာ မွေးဖွားကြ၏။ ၁၄ နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။ ၁၅ ယောဟန်သည် ထိုအရှင်၏အကြောင်းကိုသက်သေခံလျက် “ငါ့နောက်တွင် ကြွလာသောအရှင်သည် ငါ့ထက်အလျင်ဦးစွာရှိနှင့်သည်ဖြစ်၍ ငါ့ထက်ကြီးမြတ်သည်ဟု ငါဆိုခဲ့သည်မှာ ထိုအရှင်ပင်ဖြစ်သည်”ဟု ကြွေးကြော်လေ၏။ ၁၆ အကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ပြည့်စုံတော်မူခြင်းထဲမှ ကျေးဇူးတော်အပေါ်၌ ထပ်ဆင့်၍ ကျေးဇူးတော်ကိုခံစားရကြပြီ။ ၁၇ အကြောင်းမူကား ပညတ်တရားကို မောရှေအားဖြင့်ပေးတော်မူ၏။ ကျေးဇူးတော်နှင့်သမ္မာတရားမူကား ယေရှုခရစ်တော်အားဖြင့်ဖြစ်လာ၏။ ၁၈ ဘုရားသခင်ကို မည်သူမျှမမြင်ဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိသည့် တစ်ပါးတည်းသောသားတော်ဘုရားသည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.