၁၅ သင်တို့သည် ငါ့ကိုချစ်လျှင် ငါ၏ပညတ်ချက်များကို စောင့်ထိန်းကြလိမ့်မည်။ ၁၆ ငါသည်လည်း ခမည်းတော်ကိုတောင်းလျှောက်သဖြင့် ခမည်းတော်သည် အခြားသောကူညီမစသူတစ်ပါးကို သင်တို့နှင့်အတူ ကာလအစဉ်အဆက်ရှိစေရန် သင်တို့အားပေးတော်မူမည်။ ၁၇ ထိုအရှင်မှာ သမ္မာတရား၏ဝိညာဉ်တော်ဖြစ်၏။ ဤလောကသည် ထိုအရှင်ကို မြင်လည်းမမြင်၊ သိလည်းမသိသောကြောင့် ထိုအရှင်ကိုမခံယူမရရှိနိုင်။ သို့သော် ထိုအရှင်သည် သင်တို့နှင့်အတူတည်နေ၍ သင်တို့၌ရှိနေမည်ဖြစ်သောကြောင့် သင်တို့သည် ထိုအရှင်ကိုသိကြ၏။ ၁၈ ငါသည် သင်တို့ကို မိဘမဲ့အဖြစ် ပစ်ထားမည်မဟုတ်။ သင်တို့ထံသို့ ငါပြန်လာဦးမည်။ ၁၉ နောက်ထပ် ခဏကြာလျှင် ဤလောကသည် ငါ့ကိုမြင်ရတော့မည်မဟုတ်။ သင်တို့မူကား ငါ့ကိုမြင်ရကြလိမ့်မည်။ ငါသည်အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။ ၂၀ ထိုနေ့တွင် ငါ့ခမည်းတော်၌ ငါရှိသည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ရှိ၍ ငါသည် သင်တို့၌ရှိသည်ကိုလည်းကောင်း သင်တို့သိကြလိမ့်မည်။ ၂၁ ငါ၏ပညတ်ချက်များကိုရရှိ၍ ၎င်းတို့ကိုစောင့်ထိန်းသောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူအား ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့ထံ၌ မိမိကိုယ်ကိုထင်ရှားစေမည်”ဟု မိန့်တော်မူ၏။ ၂၂ ယုဒဣရှကာရုတ်မဟုတ်သောယုဒက “သခင်ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့ထံ မိမိကိုယ်ကိုထင်ရှားစေရန်ကြံရွယ်တော်မူသော်လည်း လောကီသားတို့ထံ မထင်ရှားစေသည်မှာ မည်သို့နည်း”ဟု မေးလျှောက်၏။ ၂၃ ယေရှုကလည်း“မည်သူမဆို ငါ့ကိုချစ်လျှင် ငါ့စကားကို လိုက်နာစောင့်ထိန်းလိမ့်မည်။ ငါ့ခမည်းတော်သည်လည်း ထိုသူကိုချစ်တော်မူသဖြင့် ငါတို့သည် သူ့ထံသို့လာ၍ သူနှင့်အတူနေထိုင်မည်။ ၂၄ ငါ့ကိုမချစ်သောသူသည် ငါ့စကားကိုလိုက်နာစောင့်ထိန်းခြင်းမရှိ။ သင်တို့ကြားရသောစကားသည် ငါ၏စကားမဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏စကားဖြစ်၏။ ၂၅ သင်တို့နှင့်အတူရှိနေစဉ် ဤအရာများကို ငါဟောပြောခဲ့ပြီ။ ၂၆ သို့သော် ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် ကူညီမစသူတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် အရာခပ်သိမ်းတို့ကို သင်တို့အားသွန်သင်တော်မူ၍ ငါပြောဆိုခဲ့သမျှသောအရာတို့ကို သင်တို့အား ပြန်လည်သတိရစေတော်မူလိမ့်မည်။ ၂၇ ငါသည် ငြိမ်သက်ခြင်းကို သင်တို့၌ထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ ဤလောကပေးသည့်အတိုင်း သင်တို့အား ငါပေးသည်မဟုတ်။ သင်တို့စိတ်ပူပန်ခြင်းမရှိကြနှင့်။ ကြောက်ရွံ့ခြင်းလည်းမရှိကြနှင့်။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.