၃ ကိုယ်တော်သည် ဒုက္ခဝေဒနာခံစားတော်မူပြီးနောက် မိမိအသက်ရှင်လျက်ရှိကြောင်း ထိုတမန်တော်တို့အား အထောက်အထားများစွာတို့ဖြင့်ပြသကာ ရက်ပေါင်းလေးဆယ်အတွင်း သူတို့ထံထင်ရှား၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။ ၄ ထို့နောက် အတူတကွစုရုံးနေကြစဉ် ကိုယ်တော်က သူတို့အား“ဂျေရုဆလင်မြို့မှ ထွက်ခွာမသွားဘဲ ငါ့ထံမှ သင်တို့ကြားရသော ခမည်းတော်၏ကတိတော်ကို စောင့်နေကြလော့။ ၅ အကြောင်းမှာ ယောဟန်သည် ရေ၌ဗတ္တိဇံပေး၏။ သင်တို့မူကား မကြာမီအတွင်း သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံခံရကြလိမ့်မည်”ဟု မိန့်မှာတော်မူ၏။ ၆ တစ်ဖန် သူတို့စုဝေးလာကြသောအခါ သူတို့က ကိုယ်တော်အား “သခင်ဘုရား၊ ကိုယ်တော်သည် ယခုအချိန်တွင် အစ္စရေးလူမျိုးအတွက် နိုင်ငံကို ပြန်လည်ထူထောင်ပေးတော်မူမည်လော”ဟု မေးလျှောက်ကြ၏။ ၇ ကိုယ်တော်ကလည်း“ခမည်းတော်သည် မိမိအခွင့်အာဏာဖြင့် စီရင်ထားတော်မူသောကာလများ၊ သို့မဟုတ် အချိန်အခါများကို သင်တို့သိရန်မလိုအပ်ပေ။ ၈ သို့သော် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်လာသောအခါ သင်တို့သည် တန်ခိုးကိုရရှိလျက် ဂျေရုဆလင်မြို့၊ ယုဒနယ်နှင့်ရှမာရိနယ်တစ်ခုလုံးသာမက မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေများဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.