၃၆ ဖာရိရှဲတစ်ဦးသည် မိမိနှင့်အတူစားသောက်ရန် ကိုယ်တော်ကိုဖိတ်ခေါ်သဖြင့် ကိုယ်တော်သည် ထိုဖာရိရှဲ၏အိမ်သို့ဝင်၍ စားပွဲ၌ထိုင်တော်မူ၏။ ၃၇ ထိုအခါ ထိုမြို့၌နေသည့် အပြစ်များသောအမျိုးသမီးတစ်ဦးသည် ဖာရိရှဲ၏အိမ်တွင် ကိုယ်တော်ထိုင်၍စားသောက်နေကြောင်းသိသဖြင့် ဆီမွှေးထည့်ထားသည့် ကျောက်ဖြူဘူးတစ်လုံးကို ယူဆောင်လာပြီးလျှင် ၃၈ ကိုယ်တော်၏နောက်တွင် ခြေတော်ရင်း၌ရပ်လျက် ငိုကြွေးရင်း မိမိ၏မျက်ရည်ဖြင့် ခြေတော်ကိုစိုစေကာ မိမိဦးခေါင်းမှဆံပင်ဖြင့် သုတ်လေ၏။ ထို့နောက် ကိုယ်တော်၏ခြေတို့ကိုနမ်း၍ ဆီမွှေးဖြင့်လိမ်းလေ၏။ ၃၉ ကိုယ်တော်ကိုဖိတ်ခေါ်သောဖာရိရှဲသည် ထိုအခြင်းအရာကိုမြင်သောအခါ “ဤသူသည် ပရောဖက်ဖြစ်သည်ဆိုလျှင် သူ့ကိုတို့ထိနေသောအမျိုးသမီးသည် မည်သူဖြစ်ကြောင်းနှင့် မည်သို့သောအမျိုးသမီးဖြစ်ကြောင်းသိရမည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏”ဟု မိမိစိတ်ထဲ၌ဆိုလေ၏။ ၄၀ ထိုအခါ ယေရှုက“ရှိမုန်၊ သင့်ကို ငါပြောစရာတစ်ခုရှိ၏”ဟု မိန့်တော်မူရာ သူက “ပြောပါ ဆရာ”ဟု ပြန်လျှောက်လေ၏။ ၄၁ ယေရှုကလည်း“ကြွေးရှင်တစ်ဦးတွင် အကြွေးတင်သူနှစ်ဦးရှိ၏။ တစ်ဦးသည် ဒေနာရိငါးရာ၊ အခြားတစ်ဦးသည် ဒေနာရိငါးဆယ်အကြွေးတင်၏။ ၄၂ သူတို့၌ အကြွေးဆပ်စရာမရှိသောကြောင့် ကြွေးရှင်သည် နှစ်ဦးစလုံးတို့၏အကြွေးကို လျှော်ပစ်လိုက်လေ၏။ သို့ဖြစ်လျှင် ထိုသူနှစ်ဦးတွင် မည်သူသည် ကြွေးရှင်ကို ပို၍ချစ်မည်နည်း”ဟု မေးတော်မူ၏။ ၄၃ ရှိမုန်ကလည်း “ပို၍များသောအကြွေးကို လျှော်ပစ်ခြင်းခံရသူဖြစ်မည်ထင်ပါ၏”ဟု လျှောက်လျှင် ကိုယ်တော်က“သင်ယူဆသည့်အတိုင်းမှန်၏”ဟု မိန့်တော်မူ၏။ ၄၄ ထို့နောက် အမျိုးသမီးဘက်သို့လှည့်တော်မူ၍ ရှိမုန်အား“ဤအမျိုးသမီးကိုမြင်သလော။ ငါသည် သင်၏အိမ်သို့ဝင်စဉ် သင်သည် ငါ့အတွက်ခြေဆေးရေကိုမပေး။ သို့သော် သူသည် မျက်ရည်ဖြင့် ငါ့ခြေကိုစိုစေ၍ မိမိဆံပင်ဖြင့်သုတ်ပေး၏။ ၄၅ သင်သည် ငါ့ကိုမနမ်း။ သို့သော် သူသည် ဝင်လာသည့်အချိန်မှစ၍ ငါ့ခြေကိုအဆက်မပြတ်နမ်းလျက်နေ၏။ ၄၆ သင်သည် ငါ၏ခေါင်းကို ဆီဖြင့်မလိမ်း။ သို့သော် သူသည် ငါ၏ခြေကို ဆီမွှေးဖြင့်လိမ်းပေး၏။ ၄၇ ထို့ကြောင့် သင့်အား ငါဆိုမည်။ သူ၏များပြားလှသောအပြစ်တို့သည် ခွင့်လွှတ်ခြင်းခံရပြီ။ အကြောင်းမူကား သူသည် များစွာချစ်၏။ အနည်းငယ်သာခွင့်လွှတ်ခြင်းခံရသောသူသည် အနည်းငယ်သာချစ်၏”ဟု မိန့်တော်မူ၏။ ၄၈ ထို့နောက် ထိုအမျိုးသမီးအား“သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ”ဟု မိန့်တော်မူ၏။ ၄၉ ထိုအခါ ကိုယ်တော်နှင့်အတူ စားသောက်ပွဲ၌ထိုင်နေသောသူတို့က “အပြစ်ကိုပင် ခွင့်လွှတ်သောဤသူကား မည်သူနည်း”ဟု အချင်းချင်းပြောဆိုကြ၏။ ၅၀ သို့သော် ကိုယ်တော်သည် ထိုအမျိုးသမီးအား“သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ။ ငြိမ်းချမ်းစွာသွားလော့”ဟု မိန့်တော်မူ၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.