ယုံကြည်သူတပည့်တော်များသည် ကျွန်ုပ်တို့၏အဖဘုရားကို ရှာဖွေခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်လုကာခရစ်ဝင် ၁၁: ၁-၁၃

၁ တစ်ခါက ကိုယ်တော်​သည် တစ်​နေရာ​၌ ဆုတောင်း​လျက်​နေ​တော်မူ​၏။ ဆုတောင်း​ပြီး​သောအခါ တပည့်​တော်​တစ်​ပါး​က “သခင်​ဘုရား၊ ယောဟန်​သည် သူ​၏​တပည့်​များ​ကို​သင်ပေး​သကဲ့သို့ အကျွန်ုပ်​တို့​ကို​လည်း ဆုတောင်း​ရန်​သင်ပေး​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ၂ ကိုယ်တော်​က​လည်း“သင်​တို့​ဆုတောင်း​ကြ​သောအခါ ‘အဖ၊ ကိုယ်တော်​၏​နာမ​တော်​သည် ရိုသေလေးမြတ်​ခြင်း​ခံရ​ပါစေသော။ နိုင်ငံ​တော်​ပေါ်ထွန်း​ပါစေသော။ ၃ အကျွန်ုပ်​တို့​အတွက် တစ်နေ့တာ​လိုအပ်​သော​အစာ​ကို နေ့စဉ်​ပေး​သနား​တော်မူ​ပါ။ ၄ အကျွန်ုပ်​တို့​အပေါ် အပြစ်​ကြွေး​ရှိ​သူ​အားလုံး​တို့​ကို အကျွန်ုပ်​တို့​ခွင့်လွှတ်​သည်​ဖြစ်၍ အကျွန်ုပ်​တို့​၏​အပြစ်​များ​ကို​လည်း ခွင့်လွှတ်​တော်မူ​ပါ။ အကျွန်ုပ်​တို့​ကို ဖြားယောင်း​သွေးဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ပါ​နှင့်’​ဟူ၍ မြွက်ဆို​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ၅ ထို့နောက် ကိုယ်တော်​က“သင်​တို့​ထဲမှ​တစ်စုံတစ်ယောက်​တွင် မိတ်ဆွေ​တစ်​ဦး​ရှိ​သည်​ဆို​ပါ​စို့။ သူ​သည် သန်းခေါင်​အချိန်​၌ ထို​မိတ်ဆွေ​ထံ​သွား​၍ ‘အဆွေ၊ ၆ အကျွန်ုပ်​၏​မိတ်ဆွေ​တစ်​ဦး​သည် ခရီး​သွား​ရာ​မှ အကျွန်ုပ်​ထံသို့​ရောက်လာ​၏။ အကျွန်ုပ်​၌ သူ့​ကို​ကျွေး​ရန် မည်သည့်​အရာ​မျှ​မ​ရှိ​သောကြောင့် အကျွန်ုပ်​အား မုန့်​သုံး​လုံး​ချေး​ပေး​ပါ’​ဟု ဆို​သော်လည်း ၇ ထို​သူ​က ‘ငါ့​ကို​အနှောင့်အယှက်​မ​ပေး​ပါ​နှင့်။ တံခါး​ပိတ်​ထား​ပြီ။ ငါ့​သားသမီး​များ​သည်​လည်း ငါ​နှင့်အတူ​အိပ်ရာ​ဝင်​ကြ​ပြီ။ ငါ​သည်​ထ​၍ သင့်​အား မည်သည့်​အရာ​ကို​မျှ​မ​ပေး​နိုင်​ပါ’​ဟု အိမ်​တွင်း​မှ ပြန်ပြော​လိမ့်မည်။ ၈ သင်​တို့​အား ငါ​ဆို​မည်။ ထို​သူ​သည် မိမိ​မိတ်ဆွေ​ဖြစ်​သည်​ကို​ထောက်၍ မည်သည့်​အရာ​ကို​မျှ ထ​၍​မ​ပေး​သော်လည်း အား​မ​လျှော့​ဘဲ​တောင်းဆို​သည်​ကို​ထောက်၍ လို​သမျှ​ကို ထ​၍​ပေး​လိမ့်မည်။ ၉ ထို့ကြောင့် သင်​တို့​အား ငါ​ဆို​မည်။ တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​ရ​ကြ​လိမ့်မည်။ ရှာ​ကြ​လော့။ ရှာ​လျှင် သင်​တို့​တွေ့​ကြ​လိမ့်မည်။ တံခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင် သင်​တို့​ကို ဖွင့်​ပေး​လိမ့်မည်။ ၁၀ အကြောင်းမူကား တောင်း​သော​သူ​တိုင်း​သည်​ရ​၏။ ရှာ​သော​သူ​သည်​လည်း​တွေ့​၏။ တံခါး​ခေါက်​သော​သူ​ကို​လည်း ဖွင့်​ပေး​လိမ့်မည်။ ၁၁ သင်​တို့​တွင် မည်သည့်​ဖခင်​သည် သား​က ငါး​ကို​တောင်း​သောအခါ ငါး​အစား​မြွေ​ကို​ပေး​မည်နည်း၊ ၁၂ သို့မဟုတ် ကြက်ဥ​ကို​တောင်း​သောအခါ ကင်းမြီးကောက်​ကို​ပေး​မည်နည်း။ ၁၃ သင်​တို့​သည် မကောင်း​သော​သူ​များ​ဖြစ်​ကြ​လျက်​ပင် သင်​တို့​၏​သားသမီး​များ​အား ကောင်း​သော​လက်ဆောင်​များ​ပေး​ရ​မည်​ကို​သိ​ကြ​လျှင် ကောင်းကင်​ဘုံ​ရှင်​အဖ​သည် မိမိ​ထံ​တောင်းလျှောက်​သော​သူ​များ​အား သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို သာ၍​ပင် ပေး​တော်မူ​လိမ့်မည်​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ တပည့်တော်ဖြစ်ခြင်းအကြောင်းဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00