၁ တစ်နေ့သ၌ ယေရှုသည် ဂင်နေသရက်အိုင်နားတွင် ရပ်လျက်နေတော်မူစဉ် လူထုပရိသတ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြားနာရန် ကိုယ်တော်ထံသို့တိုးဝှေ့လာကြ၏။ ၂ ကိုယ်တော်သည် ကမ်းနားတွင်ဆိုက်ထားသောလှေနှစ်စင်းကို မြင်တော်မူ၏။ တံငါသည်တို့သည် ထိုလှေများပေါ်မှဆင်း၍ ပိုက်ကွန်များကိုဆေးကြောနေကြ၏။ ၃ ကိုယ်တော်သည် ထိုလှေတို့အနက် ရှိမုန်၏လှေပေါ်သို့တက်၍ လှေကို ကမ်းမှအနည်းငယ်ခွာရန် သူ့အား မိန့်တော်မူ၏။ ထို့နောက် ထိုင်၍ လူထုပရိသတ်တို့အား လှေပေါ်မှ သွန်သင်တော်မူ၏။ ၄ ဟောပြောသွန်သင်ပြီးသောအခါ ကိုယ်တော်သည် ရှိမုန်အား“ရေနက်ရာသို့ရွှေ့လော့။ သင်တို့၏ပိုက်ကွန်များကိုချ၍ ငါးဖမ်းကြလော့”ဟု မိန့်တော်မူ၏။ ၅ ရှိမုန်ကလည်း “သခင်၊ အကျွန်ုပ်တို့သည် တစ်ညလုံးကြိုးစားဖမ်းကြသော်လည်း တစ်ကောင်ကိုမျှမရကြပါ။ သို့သော် ကိုယ်တော်အမိန့်ရှိတော်မူသည်ဖြစ်၍ ပိုက်ကွန်များကိုချပါမည်”ဟု လျှောက်ပြီးနောက် ၆ ထိုအတိုင်းပြုလေရာ ငါးအမြောက်အမြားကိုဖမ်းမိသဖြင့် သူတို့ပိုက်ကွန်များစုတ်လုမတတ်ဖြစ်လေ၏။ ၇ ထိုအခါ သူတို့သည် အခြားသောလှေပေါ်တွင်ရှိသောအပေါင်းအဖော်တို့အား လာ၍ မိမိတို့ကိုကူညီကြရန် အချက်ပြသဖြင့် ထိုသူတို့သည်လာ၍ လှေနှစ်စင်းစလုံးတွင် ငါးကိုအပြည့်ထည့်လိုက်ရာ လှေသည်နစ်လုမတတ်ဖြစ်လေ၏။ ၈ ရှိမုန်ပေတရုသည် ထိုအခြင်းအရာကိုမြင်လျှင် ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် “သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်၍ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ”ဟု လျှောက်လေ၏။ ၉ ဤသို့လျှောက်သည်မှာ ဖမ်းမိသောငါးများပြားသဖြင့် ရှိမုန်နှင့် သူ၏အပေါင်းအဖော်အားလုံးသည် အံ့အားသင့်ကြသောကြောင့်ဖြစ်၏။ ၁၀ ရှိမုန်၏အပေါင်းအဖော်များဖြစ်ကြသော ဇေဗေဒဲ၏သား ယာကုပ်နှင့်ယောဟန်တို့သည်လည်း အံ့အားသင့်ကြ၏။ ယေရှုကလည်း“မကြောက်နှင့်။ သင်သည် ယခုမှစ၍ လူကိုဖမ်းလိမ့်မည်”ဟု ရှိမုန်အား မိန့်တော်မူ၏။ ၁၁ ထိုအခါ သူတို့သည် လှေကို ကုန်းပေါ်တင်ပြီးလျှင် ရှိသမျှကိုစွန့်၍ နောက်တော်သို့လိုက်ကြ၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.