ယုံကြည်သူတပည့်တော်များသည် ဝိညာဥ်တော်အားဖြင့် အသက်ရှင်ခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရောမဩဝါဒစာ ၈: ၁-၁၈

၁ ထို့ကြောင့် ယခု​အခါ ခရစ်တော်​ယေရှု​၌​ရှိ​သော​သူ​တို့​သည် ပြစ်ဒဏ်​စီရင်​ခြင်း​မ​ခံရ။ ၂ အကြောင်းမူကား ခရစ်တော်​ယေရှု​၌​ရှိ​သည့် အသက်ရှင်​ခြင်း​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​တရား​သည် အပြစ်​နှင့်​သေ​ခြင်း​တို့​နှင့်ဆိုင်သော​တရား​မှ သင့်​ကို​လွတ်မြောက်​စေ​ပြီ​ဖြစ်​၏။ ၃ ဘုရားသခင်​သည် မိမိ​၏​သား​တော်​ကို အပြစ်​နှင့်​ပြည့်ဝ​သည့် သွေးသား​ဇာတိ​နှင့်​တူညီ​သော​သဏ္ဌာန်​၌ အပြစ်​အတွက်​စေလွှတ်​တော်မူ​၍ သွေးသား​ဇာတိ​၌​ရှိ​သော​အပြစ်​ကို ဒဏ်ခတ်​တော်မူ​ပြီး သွေးသား​ဇာတိ​ကြောင့် အားနည်း​၍ ပညတ်​တရား​မ​ဆောင်ရွက်​နိုင်​သော​အမှု​ကို ဆောင်ရွက်​ပေး​တော်မူ​၏။ ၄ ဤသည်ကား သွေးသား​ဇာတိ​အလို​အတိုင်း​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​အလို​အတိုင်း အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သော​ငါ​တို့​၌ ပညတ်​တရား​၏​ပြဋ္ဌာန်း​ချက်​များ ပြည့်စုံ​စေရန်​ဖြစ်​၏။ ၅ သွေးသား​ဇာတိ​အလို​အတိုင်း အသက်ရှင်​သော​သူ​တို့​သည် သွေးသား​ဇာတိ​နှင့်ဆိုင်သော​အရာ​များ​ကို စွဲလမ်း​ကြ​၏။ ဝိညာဉ်​တော်​အလို​အတိုင်း အသက်ရှင်​သော​သူ​တို့​မူကား ဝိညာဉ်​တော်​နှင့်ဆိုင်သော​အရာ​များ​ကို စွဲလမ်း​ကြ​၏။ ၆ သွေးသား​ဇာတိ​နှင့်ဆိုင်သော​စိတ်သဘော​သည် သေ​ခြင်း​ဖြစ်​၏။ ဝိညာဉ်​တော်​နှင့်ဆိုင်သော​စိတ်သဘော​မူကား အသက်ရှင်​ခြင်း​နှင့်​ငြိမ်သက်​ခြင်း​ဖြစ်​၏။ ၇ အဘယ်ကြောင့်​ဆိုသော် သွေးသား​ဇာတိ​နှင့်ဆိုင်သော​စိတ်သဘော​သည် ဘုရားသခင်​နှင့် ရန်ဘက်​ဖြစ်​၏။ အကြောင်းမူကား ထို​စိတ်သဘော​သည် ဘုရားသခင်​၏​ပညတ်​တရား​ကို နာခံ​ခြင်း​မ​ရှိ။ အမှန်စင်စစ် နာခံ​၍​လည်း​မ​ရ​နိုင်။ ၈ ထို့ကြောင့် သွေးသား​ဇာတိ​အားဖြင့်​အသက်ရှင်​သော​သူ​တို့​သည် ဘုရားသခင်​ကို​မ​နှစ်သက်​စေ​နိုင်​ကြ။ ၉ သို့သော် ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​လျှင် သင်​တို့​သည် သွေးသား​ဇာတိ​၌​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​၌​ရှိ​ကြ​၏။ ခရစ်တော်​၏​ဝိညာဉ်​တော်​ကို​မ​ရ​သော​သူ​သည် ခရစ်တော်​နှင့်​မ​ဆိုင်။ ၁၀ သို့ရာတွင် ခရစ်တော်​သည် သင်​တို့​အထဲ၌​ရှိ​တော်မူ​လျှင် ကိုယ်ခန္ဓာ​သည် အပြစ်​ကြောင့် သေ​နေ​သော်လည်း ဝိညာဉ်​သည် ဖြောင့်မတ်​ခြင်း​ကြောင့် အသက်ရှင်​လျက်​ရှိ​၏။ ၁၁ ထိုမျှမက ယေရှု​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​သော​ဘုရားရှင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​လျှင် ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ​ထမြောက်​စေ​တော်မူ​သော​ဘုရားရှင်​သည် သင်​တို့​အထဲ၌​တည်​နေ​သော မိမိ​၏​ဝိညာဉ်​တော်​အားဖြင့် သေ​တတ်​သော သင်​တို့​၏​ကိုယ်ခန္ဓာ​ကို​လည်း အသက်ရှင်​စေ​တော်မူ​လိမ့်မည်။ ၁၂ သို့ဖြစ်၍ ညီအစ်ကို​တို့၊ ငါ​တို့​သည် သွေးသား​ဇာတိ​အလို​အတိုင်း​အသက်ရှင်​ရန် သွေးသား​ဇာတိ​အပေါ် တာဝန်​ရှိ​သည်​မ​ဟုတ်။ ၁၃ အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် သွေးသား​ဇာတိ​အလို​အတိုင်း​အသက်ရှင်​လျှင် သေ​ကြ​ရ​မည်။ သို့သော် ဝိညာဉ်​တော်​အားဖြင့် ကိုယ်ခန္ဓာ​၏​လုပ်ဆောင်​မှု​များ​ကို​သေ​စေ​လျှင် သင်​တို့​သည် အသက်ရှင်​ကြ​လိမ့်မည်။ ၁၄ အကြောင်းမူကား ဘုရားသခင်​၏​ဝိညာဉ်​တော်​ရှေ့ဆောင်​လမ်းပြ​မှု​ကို ခံယူ​သမျှ​သော​သူ​တို့​သည် ဘုရားသခင်​၏​သား​များ​ဖြစ်​ကြ​၏။ ၁၅ သင်​တို့​သည် ကြောက်ရွံ့​ခြင်း​သို့ တစ်ဖန်​ရောက်​စေ​သော ကျွန်​၏​ဝိညာဉ်​ကို​ခံယူ​ရရှိ​ကြ​သည်​မ​ဟုတ်​ဘဲ သားသမီး​အရာ​ကို​ပေး​သော​ဝိညာဉ်​တော်​ကို ခံယူ​ရရှိ​ကြ​၏။ ထို​ဝိညာဉ်​တော်​အားဖြင့် “အဗ္ဗ၊ အဖ”​ဟု ငါ​တို့​ခေါ်​ကြ​၏။ ၁၆ ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြောင်း​ကို ဝိညာဉ်​တော်​ကိုယ်တိုင် ငါ​တို့​၏​ဝိညာဉ်​နှင့်အတူ​သက်သေခံ​တော်မူ​၏။ ၁၇ ထိုသို့ သားသမီး​များ​ဖြစ်​ကြ​လျှင် အမွေခံ​များ​လည်း ဖြစ်​ကြ​၏။ ငါ​တို့​သည် ခရစ်တော်​နှင့်အတူ​ဘုန်း​တော်​ချီးမြှောက်​ခြင်း​ခံရ​ရန် ဒုက္ခ​ဆင်းရဲ​ခြင်း​ကို​လည်း ကိုယ်တော်​နှင့်အတူ​ခံရ​ကြ​လျှင် ဘုရားသခင်​၏​အမွေခံ​များ​ဖြစ်​ကြ​ပြီး ခရစ်တော်​နှင့်အတူ​အမွေ​ဆက်ခံ​သူ​များ​လည်း ဖြစ်​ကြ​၏။ ၁၈ ယခု​မျက်မှောက်​ကာလ​၌ ခံရ​သော​ဒုက္ခ​ဝေဒနာ​များ​သည် ငါ​တို့​၌​ထင်ရှား​မည့်​ဘုန်း​အသရေ​နှင့်​နှိုင်း​လျှင် မ​ပြောပလောက်​ဟု ငါ​မှတ်ယူ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ တပည့်တော်ဖြစ်ခြင်းအကြောင်းဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00