အသင်းတော်သည် ဝိညာဥ်ရေးရာဗိမာန်တော်ဖြစ်ပြီး ယဇ်ပုရောဟိတ်များဖြစ်ခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်ပေတရုဩဝါဒစာပထမစောင် ၂: ၄-၁၀

၄ လူ​တို့​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​သော်လည်း ဘုရားသခင်​ရွေးကောက်​တော်မူ​သော အဖိုးထိုက်​သည့် အသက်ရှင်​သော​ကျောက်​ဖြစ်​တော်မူ​သော ထို​သခင်​ထံသို့​လာ​၍ ၅ သင်​တို့​ကိုယ်တိုင်​သည်​လည်း အသက်ရှင်​သော​ကျောက်​ကဲ့သို့ ဝိညာဉ်ရေး​ဆိုင်ရာ​အိမ်​တော်​အဖြစ် တည်ဆောက်​ခြင်း​ကို​ခံ​ကြ​လော့။ ဤသည်ကား သင်​တို့​သည် သန့်ရှင်း​သော​ယဇ်ပုရောဟိတ်​မျိုး​ဖြစ်​လျက် ဘုရားသခင်​နှစ်သက်​လက်ခံ​တော်မူ​သော ဝိညာဉ်ရေး​ဆိုင်ရာ​ယဇ်​များ​ကို ယေရှု​ခရစ်တော်​အားဖြင့် ပူဇော်​နိုင်​ရန် ဖြစ်​၏။ ၆ အဘယ်ကြောင့်​ဆိုသော် “ကြည့်ရှု​လော့။ ရွေးကောက်​ထား​သည့် အဖိုးထိုက်​သော​ထောင့်ချုပ်​ကျောက်​ကို ဇိအုန်​၌ ငါ​ချ​ထား​၏။ ထို​ကျောက်​ကို ယုံကြည်​သော​သူ​သည် မည်သည့်​အခါ​မျှ အရှက်ရ​လိမ့်မည်​မ​ဟုတ်”​ဟု ကျမ်းစာ​၌ ဆို​ထား​၏။ ၇ သို့ဖြစ်၍ ထို​ကျောက်​သည် ယုံကြည်​သော​သင်​တို့​အတွက် ဂုဏ်သရေ​ဖြစ်​၏။ မ​ယုံကြည်​သော​သူ​တို့​အတွက်​မူကား “​တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော်လည်း ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​သော​ကျောက်​” ဖြစ်​ပြီး ၈ “​ခလုတ်တံသင်း​ဖြစ်​သော​ကျောက်၊ မှားယွင်း​စေ​သော​ကျောက်” ဖြစ်​၏။ သူ​တို့​သည် နှုတ်ကပတ်​တရား​ကို မ​ယုံကြည်​သောကြောင့် ခလုတ်တိုက်​ကြ​၏။ ထိုသို့​ဖြစ်​ရန် သူ​တို့​ကို သတ်မှတ်​ထား​ခြင်း​လည်း​ဖြစ်​၏။ ၉ သင်​တို့​မူကား ရွေးကောက်​ခံရ​သော​အမျိုးအနွယ်၊ တော်ဝင်​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်း​သော​တိုင်းသူပြည်သား၊ ပိုင်ဆိုင်​တော်မူ​သော​လူမျိုး​တော်​ဖြစ်​ကြ​၏။ ဤသည်ကား သင်​တို့​ကို အမှောင်​ထဲမှ မိမိ​၏​အံ့ဩဖွယ်​အလင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​၏​ကောင်းမြတ်​တော်မူ​ခြင်း​များ​ကို သင်​တို့​ဖော်ပြ​ကြ​မည့်​အကြောင်း​တည်း။ ၁၀ သင်​တို့​သည် ယခင်​က လူမျိုး​တော်​မ​ဟုတ်​ခဲ့​သော်လည်း ယခု​အခါ ဘုရားသခင်​၏​လူမျိုး​တော်​ဖြစ်​ကြ​ပြီ။ ယခင်​က ကရုဏာ​တော်​ကို​မ​ခံစား​ခဲ့​ရ​သော်လည်း ယခု​အခါ ကရုဏာ​တော်​ကို​ခံစား​ရ​ကြ​ပြီ။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ အသင်းတော်ဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00