၅ ယခုမူကား ငါ့ကိုစေလွှတ်တော်မူသောအရှင်ထံသို့ ငါသွားတော့မည်။ သို့သော် သင်တို့ထဲမှ မည်သူကမျှ ‘ကိုယ်တော်သည် မည်သည့်အရပ်သို့ သွားမည်နည်း’ဟု ငါ့အား မမေးကြ။ ၆ ထို့ပြင် ဤအကြောင်းအရာများကို သင်တို့အား ငါပြောသောကြောင့် သင်တို့စိတ်နှလုံးသည် ဝမ်းနည်းခြင်းနှင့် ပြည့်လျက်ရှိ၏။ ၇ သို့သော် ငါသည် သင်တို့အား ဟုတ်မှန်ရာကိုပြောမည်။ ငါသွားရခြင်းသည် သင်တို့အတွက်အကျိုးရှိ၏။ အဘယ်ကြောင့်ဆိုသော် ငါမသွားလျှင် ကူညီမစသူသည် သင်တို့ထံသို့လာမည်မဟုတ်။ ငါသွားလျှင်မူကား ထိုအရှင်ကို သင်တို့ထံသို့ ငါစေလွှတ်မည်။ ၈ ထိုအရှင်ရောက်လာသောအခါ လောကီသားတို့အား အပြစ်အကြောင်း၊ ဖြောင့်မတ်ခြင်းအကြောင်းနှင့် တရားစီရင်ခြင်းအကြောင်းတို့ကို ဖော်ပြမည်။ ၉ သူတို့သည် ငါ့ကိုမယုံကြည်ကြသောကြောင့် အပြစ်အကြောင်းကိုလည်းကောင်း၊ ၁၀ ငါသည် ခမည်းတော်ထံသို့သွား၍ သင်တို့သည် ငါ့ကိုတွေ့မြင်ရတော့မည်မဟုတ်သောကြောင့် ဖြောင့်မတ်ခြင်းအကြောင်းကိုလည်းကောင်း၊ ၁၁ ဤလောကကိုအုပ်ချုပ်သူသည် တရားစီရင်ခြင်းခံရပြီဖြစ်သောကြောင့် တရားစီရင်ခြင်းအကြောင်းကိုလည်းကောင်း ဖော်ပြမည်။ ၁၂ သင်တို့အား ငါပြောစရာများစွာရှိသေးသော်လည်း သင်တို့သည် ယခုမခံယူနိုင်ကြ။ ၁၃ သို့ရာတွင် သမ္မာတရား၏ဝိညာဉ်တော်ရောက်လာသောအခါ သမ္မာတရားအလုံးစုံထဲသို့ သင်တို့ကို လမ်းပြပို့ဆောင်တော်မူလိမ့်မည်။ အကြောင်းမူကား ထိုဝိညာဉ်တော်သည် မိမိဆန္ဒအလျောက် မြွက်ဆိုတော်မမူဘဲ ကြားရသမျှတို့ကို မြွက်ဆိုတော်မူ၍ နောင်ဖြစ်လာမည့်အရာတို့ကို သင်တို့အား ဖော်ပြတော်မူလိမ့်မည်။ ၁၄ ထိုအရှင်သည် ငါနှင့်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဖော်ပြမည်ဖြစ်သောကြောင့် ငါ့ဘုန်းကိုထင်ရှားစေမည်။ ၁၅ ခမည်းတော်၌ရှိသောအရာအားလုံးတို့သည် ငါနှင့်ဆိုင်သောအရာဖြစ်၏။ ထို့ကြောင့် ဝိညာဉ်တော်သည် ငါနှင့်ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြမည်ဟု ငါဆိုခဲ့၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.