အသင်းတော်သည် ရက်ရက်ရောရောပေးကမ်းခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ကောရိန္သုဩဝါဒစာဒုတိယစောင် ၉: ၆-၁၅

၆ ငါ​သည် ဤသို့​ဆိုလို​၏။ အနည်းငယ်​သာ​မျိုးကြဲ​သော​သူ​သည် အနည်းငယ်​သာ​ရိတ်သိမ်း​ရ​မည်။ များစွာ​မျိုးကြဲ​သော​သူ​သည် များစွာ​ရိတ်သိမ်း​ရ​မည်။ ၇ လူ​တစ်ဦးစီ​သည် နှမြော​သော​စိတ်​ဖြင့်​မ​ဟုတ်။ မလွှဲမရှောင်​သာ​သော​အားဖြင့်​လည်း​မ​ဟုတ်​ဘဲ မိမိ​၏​စိတ်​ထဲ၌ ဆုံးဖြတ်​ထား​သည့်​အတိုင်း ပေးလှူ​သင့်​၏။ အကြောင်းမူကား ဘုရားသခင်​သည် ကြည်ဖြူ​သော​စိတ်​ဖြင့်​ပေးလှူ​သော​သူ​ကို နှစ်သက်​တော်မူ​၏။ ၈ သင်​တို့​သည် အရာရာ​၌ အစဉ်အမြဲ ကျေနပ်​တင်းတိမ်​မှု​အပြည့်အဝ​ရှိ​၍ ကောင်း​သော​အမှု​ရှိသမျှ​တို့​နှင့် ကြွယ်ဝ​ပြည့်စုံ​မည့်​အကြောင်း ဘုရားသခင်​သည် အလုံးစုံ​သော​ကျေးဇူး​တော်​ကို သင်​တို့​အပေါ် ကြွယ်ဝ​စွာ​ချ​ပေး​ရန် တတ်နိုင်​တော်မူ​၏။ ၉ ဤသည်ကား “သူ​သည်​စွန့်ကြဲ​၍ ဆင်းရဲ​သော​သူ​တို့​အား ပေးကမ်း​၏။ သူ​၏​ဖြောင့်မတ်​ခြင်း​သည် ထာဝစဉ်​တည်​၏”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။ ၁၀ မျိုးကြဲ​သော​သူ​အား မျိုးစေ့​ကို​ပေး​၍ အစာ​အတွက် မုန့်​ကို​ပေး​တော်မူ​သော​အရှင်​သည် သင်​တို့​၏​မျိုးစေ့​ကို​လည်း ပြင်ဆင်​ပေး​၍ ပွားများ​စေ​ကာ သင်​တို့​၏​ဖြောင့်မတ်​ခြင်း​ဆိုင်ရာ အသီးအပွင့်​တို့​ကို တိုးပွား​စေ​တော်မူ​လိမ့်မည်။ ၁၁ ထိုအခါ သင်​တို့​သည် ရက်ရော​စွာ​ပေးကမ်း​ခြင်း​အလုံးစုံ​တို့​အတွက် အရာရာ​၌ ကြွယ်ဝ​ပြည့်စုံ​သဖြင့် ထို​အမှုအရာ​သည် ငါ​တို့​အားဖြင့် ဘုရားသခင်​၏​ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​ဖြစ်စေ​၏။ ၁၂ အဘယ်ကြောင့်​ဆိုသော် ဤ​ကူညီ​ထောက်မ​ခြင်း​အမှု​သည် သန့်ရှင်း​သူ​တို့​လိုအပ်သည့်​အရာ​များ​ကို ဖြည့်ဆည်း​ပေး​သည်​သာမက ဘုရားသခင်​၏​ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​လည်း များစွာ​တိုးပွား​စေ​၏။ ၁၃ သူ​တို့​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​ကို ဝန်ခံ​ခြင်း​အားဖြင့်​ဖြစ်လာ​သည့် သင်​တို့​၏​နာခံ​မှု​ကို​လည်းကောင်း၊ သူ​တို့​မှစ၍ လူ​အပေါင်း​တို့​အား သင်​တို့​ရက်ရော​စွာ​ပေးကမ်း​ဝေမျှ​သော​အမှု​ကို​လည်းကောင်း ထောက်၍ ဤ​ကူညီ​ထောက်မ​ခြင်း​အမှု​၌ ထင်ရှား​သော​သက်သေ​အတွက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်။ ၁၄ ထို့ပြင် သင်​တို့​အပေါ်​သက်ရောက်​သည့် ဘုရားသခင်​၏​ထူးကဲ​သော​ကျေးဇူး​တော်​ကြောင့် သူ​တို့​သည် သင်​တို့​ကို​လွမ်းဆွတ်​လျက် သင်​တို့​အတွက် ဆုတောင်း​ပေး​ကြ​လိမ့်မည်။ ၁၅ ပြော​၍​မ​ကုန်​နိုင်​သော ကိုယ်တော်​၏​ကောင်းချီး​လက်ဆောင်​အတွက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​ပါ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ အသင်းတော်ဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00