ကောင်းသောသိုးထိန်းအဖြစ်ယေရှု၏ပုံသက်သေ

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်ယောဟန်ခရစ်ဝင် ၁၀: ၁-၁၈

၁ သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သိုး​ခြံ​ထဲသို့ တံခါးပေါက်​မှ​မ​ဝင်​ဘဲ အခြား​နည်း​ဖြင့်​ကျော်​ဝင်​သော​သူ​သည် သူခိုး၊ ဓားပြ​ဖြစ်​၏။ ၂ တံခါးပေါက်​မှ​ဝင်​သော​သူ​မူကား သိုး​တို့​၏​သိုးထိန်း​ဖြစ်​၏။ ၃ တံခါးစောင့်​သည် သူ့​ကို တံခါး​ဖွင့်​ပေး​တတ်​၏။ သိုး​တို့​သည် သူ​၏​အသံ​ကို​နားထောင်​တတ်​ကြ​၏။ သူ​သည် မိမိ​၏​သိုး​တို့​ကို နာမည်​ဖြင့်​ခေါ်​၍ ထုတ်ဆောင်​တတ်​၏။ ၄ မိမိ​၏​သိုး​ရှိသမျှ​တို့​ကို ထုတ်​ပြီး​သောအခါ သိုး​တို့​ရှေ့မှ​သွား​တတ်​၏။ သိုး​တို့​သည်​လည်း သူ့​အသံ​ကို​သိ​သောကြောင့် သူ့​နောက်​သို့​လိုက်​သွား​တတ်​ကြ​၏။ ၅ သူစိမ်း​တို့​၏​အသံ​ကို​မူ မ​သိ​ကြ​သောကြောင့် သူစိမ်း​နောက်​သို့ မည်သည့်​အခါ​မျှ မ​လိုက်​သည်​သာမက သူစိမ်း​ထံမှ ထွက်ပြေး​တတ်​ကြ​၏”​ဟု မိန့်​တော်မူ​၏။ ၆ ယေရှု​သည် ဤ​ပုံ​ဥပမာ​ကို လူ​တို့​အား​မိန့်​တော်မူ​သော်လည်း မည်သည့်​အကြောင်းအရာ​များ​မိန့်​တော်မူ​သည်​ကို သူ​တို့​နား​မ​လည်​ကြ။ ၇ ထို့ကြောင့် တစ်ဖန် ယေရှု​က“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ​သည် သိုး​တို့​ဝင်​သော​တံခါးပေါက်​ဖြစ်​၏။ ၈ ငါ့​ထက်​အလျင်​ဦးစွာ​ရောက်လာ​သော​သူ​ရှိသမျှ​တို့​သည် သူခိုး​များ၊ ဓားပြ​များ​ဖြစ်​ကြ​၏။ သို့သော် သိုး​တို့​သည် သူ​တို့​ကို​နားမထောင်​ခဲ့​ကြ။ ၉ ငါ​သည် တံခါးပေါက်​ဖြစ်​၏။ မည်သူမဆို ငါ့​အားဖြင့်​ဝင်​လျှင် ကယ်တင်​ခြင်း​ခံရ​မည်။ ထို​သူ​သည် ဝင်​ထွက်​ကာ ကျက်စား​ရာ​ကို​တွေ့​ရ​လိမ့်မည်။ ၁၀ သူခိုး​သည် ခိုးယူ၊ သတ်ဖြတ်၊ ဖျက်ဆီး​ရန်​သာ လာ​တတ်​၏။ ငါ​မူကား သိုး​တို့​အား အသက်​ကို​ရရှိ​စေရန်​သာမက ထို​အသက်​ကို ကြွယ်ဝ​ပြည့်စုံ​စွာ​ရရှိ​စေရန်​လာ​၏။ ၁၁ ငါ​သည် ကောင်းမြတ်​သော​သိုးထိန်း​ဖြစ်​၏။ ကောင်းမြတ်​သော​သိုးထိန်း​သည် သိုး​တို့​အတွက် မိမိ​အသက်​ကို​စွန့်​တတ်​၏။ ၁၂ သိုးထိန်း​မ​ဟုတ်၊ သိုး​တို့​၏​ပိုင်ရှင်​လည်း​မ​ဟုတ်​သော လူငှား​မူကား ဝံပုလွေ​လာ​သည်​ကို​မြင်​လျှင် သိုး​တို့​ကို​ပစ်ထား​၍ ထွက်ပြေး​တတ်​၏။ ထိုအခါ ဝံပုလွေ​သည် သိုး​တို့​ကို​လုယူ​ဖမ်းဆွဲ​၍ တစ်ကွဲတစ်ပြား​ဖြစ်​စေ​၏။ ၁၃ ထိုသို့​ဖြစ်​ရ​ခြင်းမှာ လူငှား​သည် လူငှား​ဖြစ်​သည့်​အလျောက် သိုး​တို့​၏​အရေး​ကိစ္စ​ကို ဂရုမစိုက်​သောကြောင့်​ဖြစ်​၏။ ၁၄ ငါ​သည် ကောင်းမြတ်​သော​သိုးထိန်း​ဖြစ်​၏။ ခမည်းတော်​သည် ငါ့​ကို​သိ​တော်မူ​၍ ငါ​သည် ခမည်းတော်​ကို​သိ​သကဲ့သို့ ငါ့​သိုး​တို့​ကို ငါ​သိ​၍ ငါ့​သိုး​တို့​သည်​လည်း ငါ့​ကို​သိ​ကြ​၏။ ၁၅ ငါ​သည် သိုး​တို့​အတွက် ငါ့​အသက်​ကို​စွန့်​၏။ ၁၆ ငါ​၌ ဤ​သိုး​ခြံ​ထဲမှ​မ​ဟုတ်​သော အခြား​သိုး​တို့​ရှိ​သေး​၏။ ထို​သိုး​တို့​ကို​လည်း ငါ​ခေါ်ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​အသံ​ကို​နားထောင်​ကြ​သဖြင့် သိုး​အုပ်​တစ်အုပ်တည်း၊ သိုးထိန်း​တစ်ပါးတည်း​ဖြစ်​လိမ့်မည်။ ၁၇ ငါ​သည် အသက်​ကို​ပြန်လည်​ရယူ​ရန် ငါ့​အသက်​ကို​စွန့်​သောကြောင့် ခမည်းတော်​သည် ငါ့​ကို​ချစ်​တော်မူ​၏။ ၁၈ မည်သူ​က​မျှ​ငါ့​အသက်​ကို ငါ့​ထံမှ​နုတ်ယူ​သည်​မ​ဟုတ်။ ငါ့​ဆန္ဒ​အလျောက် ငါ့​အသက်​ကို​ငါ​စွန့်​၏။ ငါ​၌ ကိုယ့်​အသက်​ကို​စွန့်​ပိုင်ခွင့်​ရှိ​၍ ၎င်း​ကို ပြန်လည်​ရယူ​ပိုင်ခွင့်​ရှိ​၏။ ငါ​သည် ဤ​အမိန့်​ကို ငါ့​ခမည်းတော်​ထံမှ​ရရှိ​၏”​ဟု မိန့်​တော်မူ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ ခေါင်းဆောင်တွေဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00