၁၁ ထို့နောက် ကိုယ်တော်သည် အချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကို ကောင်းမြတ်သောသတင်းဟောပြောသူအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာနှင့်ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏။ ၁၂⁻၁၃ ဤသည်ကား ငါတို့အားလုံးသည် ယုံကြည်ခြင်းနှင့် ဘုရားသခင်၏သားတော်ကိုသိခြင်းတို့၌ တစ်လုံးတစ်ဝတည်းဖြစ်လျက် စုံလင်ရင့်ကျက်သောသူဖြစ်ကာ ခရစ်တော်၏ပြည့်စုံခြင်းအတိုင်းအတာပမာဏသို့ရောက်သည့်တိုင်အောင် ခရစ်တော်၏ကိုယ်ခန္ဓာတော်ကိုတည်ဆောက်သဖြင့် အမှုတော်လုပ်ငန်းအတွက် သန့်ရှင်းသူတို့ကို ပြင်ဆင်ထားရန်ဖြစ်၏။ ၁၄ ဤသို့ဖြင့် ငါတို့သည် လူတို့၏ကောက်ကျစ်စဉ်းလဲမှုနှင့် ပရိယာယ်ဖြင့်လှည့်ဖြားတတ်သည့်လျှို့ဝှက်အကြံအစည်တို့ကြောင့် ဖြစ်ပေါ်လာသည့်သြဝါဒလေအမျိုးမျိုး၌ လွင့်ပါ၍လူးလွန့်နေသော ကလေးသူငယ်များကဲ့သို့မဟုတ်တော့ဘဲ ၁၅ ချစ်ခြင်းမေတ္တာဖြင့် သမ္မာတရားကိုဟောပြောလျက် ဦးခေါင်းဖြစ်တော်မူသောခရစ်တော်၌ အရာရာတွင် ကြီးထွားကြမည်ဖြစ်၏။ ၁၆ ထိုဦးခေါင်းမှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် ထောက်မပေးသောအဆစ်ရှိသမျှတို့ဖြင့် အံဝင်ခွင်ကျဆက်စပ်ခြင်းနှင့် ပေါင်းစည်းခြင်းကိုခံရလျက် အင်္ဂါအစိတ်အပိုင်းတစ်ခုစီသည် မိမိအငန်းအတာအလိုက် လုပ်ဆောင်ခြင်းအားဖြင့် မိမိကိုယ်ကို ချစ်ခြင်းမေတ္တာ၌တည်ဆောက်ကာ ကိုယ်ခန္ဓာကိုကြီးထွားစေ၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.