ခေါင်းဆောင်များအတွက် ရှင်ပေါလု၏ညွှန်ကြားချက်များ

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

တမန်တော်ဝတ္ထု ၂၀: ၁၇-၃၈

၁၇ ထို့ကြောင့် ပေါလု​သည် မိလက်​မြို့​မှ ဧဖက်​မြို့​သို့ လူ​လွှတ်​၍ အသင်းတော်​အကြီးအကဲ​များ​ကို​ခေါ်​လေ​၏။ ၁၈ သူ​တို့​ရောက်လာ​ကြ​သောအခါ ပေါလု​က “ငါ​သည် အာရှ​ပြည်​၌ ပထမ​ဦးဆုံး​ခြေချ​သည့်​နေ့​မှစ၍ သင်​တို့​နှင့်အတူ​ရှိ​ခဲ့​သည့်​ကာလ​တစ်လျှောက် မည်ကဲ့သို့​အသက်ရှင်​ခဲ့​သည်​ကို သင်​တို့​သိ​ကြ​၏။ ၁၉ ငါ​သည် အလွန်​စိတ်​နှိမ့်ချ​ခြင်း၊ မျက်ရည်​ကျ​ခြင်း​နှင့် ဂျူး​လူမျိုး​တို့​၏​လျှို့ဝှက်​ကြံစည်​မှု​ကြောင့်​ကျရောက်​သော စုံစမ်း​နှောင့်ယှက်​ခြင်း​တို့​ကြား​မှ သခင်​ဘုရား​ကို အစေခံ​ခဲ့​၏။ ၂၀ ငါ​သည် သင်​တို့​အတွက် အကျိုး​ရှိ​မည့်​အရာ​ရှိသမျှ​ကို တွန့်ဆုတ်​ခြင်း​မ​ရှိ​ဘဲ သင်​တို့​အား​ဖော်ပြ​လျက် လူ​အများ​ရှေ့၌​ဖြစ်စေ၊ တစ်အိမ်​ပြီး​တစ်အိမ်​ဖြစ်စေ သွန်သင်​ကာ ၂၁ ဘုရားသခင်​ရှေ့​တော်​၌​နောင်တရ​ခြင်း​၊ ငါ​တို့​၏​သခင်​ယေရှု​ကို​ယုံကြည်​ခြင်း​အကြောင်း​တို့​ကို ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး နှစ်မျိုးစလုံး​တို့​အား သက်သေခံ​ခဲ့​၏။ ၂၂ ယခု ငါ​သည် ဝိညာဉ်​တော်​၏​နှောင်ဖွဲ့​ခြင်း​ကို​ခံရ​၍ ဂျေရုဆလင်​မြို့​သို့ သွား​နေ​ခြင်း​ဖြစ်​၏။ ထို​မြို့​တွင် မည်သည့်​အရာ​နှင့်​ငါ​ကြုံတွေ့​ရ​မည်​ကို ငါ​မ​သိ။ ၂၃ သို့သော် အချုပ်အနှောင်​နှင့် ဆင်းရဲ​ဒုက္ခ​များ​သည် ငါ့​ကို​စောင့်​နေ​ကြောင်း သန့်ရှင်း​သော​ဝိညာဉ်​တော်​က မြို့​တိုင်း​၌ ငါ့​အား​သက်သေခံ​တော်မူ​သည်​ကို ငါ​သိ​၏။ ၂၄ သို့ရာတွင် ငါ​သည် မိမိ​ပြေး​ရ​မည့်​တာ​ကို အဆုံး​တိုင်အောင်​ပြေး​၍ ဘုရားသခင်​၏​ကျေးဇူး​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​သက်သေခံ​ရန် သခင်​ယေရှု​ထံမှ ငါ​ရရှိ​သော​အမှု​တော်​လုပ်ငန်း​ကို ပြီးမြောက်​စေ​နိုင်​ရန်​အတွက်​ဆိုလျှင် ငါ့​အသက်​ကို​ပင် ငါ​ပဓာန​မ​ထား​ပေ။ ၂၅ ယခု​မူကား နိုင်ငံ​တော်​အကြောင်း​ကို သင်​တို့​အားလုံး​အလယ်​၌ လှည့်လည်​ဟောပြော​ခဲ့​သော​ငါ​၏​မျက်နှာ​ကို သင်​တို့​မြင်​ရ​တော့မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။ ၂၆ သို့ဖြစ်၍ ငါ​သည် အားလုံး​၏​သွေး​နှင့်​ကင်းရှင်း​ကြောင်း ယနေ့​ပင် သင်​တို့​အား ငါ​သက်သေခံ​၏။ ၂၇ အကြောင်းမူကား ငါ​သည် တွန့်ဆုတ်​ခြင်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​အကြံအစည်​တော်​ကို သင်​တို့​အား အကုန်အစင်​ဖော်ပြ​ခဲ့​ပြီ။ ၂၈ သင်​တို့​သည် မိမိတို့ကိုယ်ကို​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ဂရုစိုက်​ကြ​လော့။ ကိုယ်တော်​၏​သွေး​တော်​နှင့်​ဝယ်ယူ​ထား​သော ဘုရားသခင်​၏​အသင်းတော်​ကို သင်​တို့​အုပ်ထိန်း​စေရန် ထို​သိုးစု​ကို​ကြီးကြပ်​သူ​အဖြစ် သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင်​တို့​ကို​ခန့်အပ်​ထား​တော်မူ​၏။ ၂၉ ငါ​ထွက်ခွာ​သွား​သည့်​နောက် ကြမ်းကြုတ်​သော​ဝံပုလွေ​များ​သည် သင်​တို့​အထဲသို့​ဝင်လာ​၍ သိုးစု​ကို ညှာတာ​လိမ့်မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။ ၃၀ သင်​တို့​အထဲမှ​လည်း တပည့်​တော်​များ​ကို မိမိ​တို့​ဘက်​သို့​ဆွယ်​ရန် ဖောက်ပြန်​လမ်းလွဲ​သော​အရာ​များ​ကို ပြောဆို​သော​သူ​အချို့​တို့ ပေါ်လာ​ကြ​လိမ့်မည်။ ၃၁ ထို့ကြောင့် ငါ​သည် သင်​တို့​တစ်ဦးစီ​ကို သုံး​နှစ်​ပတ်လုံး နေ့​ည​မ​ပြတ် မျက်ရည်​ဖြင့် သတိပေး​ဆုံးမ​ခဲ့​သည်​ကို အောက်မေ့​လျက် သတိ​ဝီရိယ​ရှိ​ကြ​လော့။ ၃၂ ယခု သင်​တို့​ကို ဘုရားသခင်​၌​လည်းကောင်း၊ ကိုယ်တော်​၏​ကျေးဇူး​တော်​နှင့်ဆိုင်သော နှုတ်ကပတ်တော်​၌​လည်းကောင်း ငါ​အပ်နှံ​၏။ နှုတ်ကပတ်တော်​သည် သင်​တို့​ကို တည်ဆောက်​မြှင့်တင်​လျက် သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​အပေါင်း​တို့​နှင့်အတူ အမွေ​တော်​ကို​ရရှိ​စေ​နိုင်စွမ်း​ရှိ​၏။ ၃၃ ငါ​သည် မည်သူ​၏​ရွှေ၊ ငွေ၊ အဝတ်​တန်ဆာ​ကို​မျှ တပ်မက်​ခြင်း​မ​ရှိ​ခဲ့​ပေ။ ၃၄ ငါ​သည် ဤ​လက်​များ​ဖြင့် ငါ​မှစ၍ ငါ​နှင့်အတူ​ရှိ​သော​သူ​တို့​၏​လိုအပ်​ချက်​များ​အတွက် လုပ်ဆောင်​ခဲ့​ကြောင်း သင်​တို့​ကိုယ်တိုင်​သိ​ကြ​၏။ ၃၅ ထိုသို့​ကြိုးစား​လုပ်ဆောင်​၍ အားနည်း​သော​သူ​တို့​ကို ကူညီမစ​သင့်​ကြောင်း​နှင့်‘ပေးကမ်း​ခြင်း​သည် ရယူ​ခြင်း​ထက် သာ၍​မင်္ဂလာရှိ​သည်’​ဟု သခင်​ယေရှု​ကိုယ်တော်​တိုင် မိန့်​တော်မူ​သည့်​စကား​ကို သတိရ​သင့်​ကြောင်း အရာရာ​၌ သင်​တို့​အား ငါ​ပြသ​၏”​ဟု ဆို​လေ​၏။ ၃၆ ပေါလု​သည် ဤသို့​ဆို​ပြီးနောက် ဒူး​ထောက်​လျက် ထို​သူ​အပေါင်း​တို့​နှင့်အတူ ဆုတောင်း​လေ​၏။ ၃၇ သူ​တို့​အားလုံး​သည် အလွန်​ငိုကြွေး​လျက် ပေါလု​ကို​ဖက်​၍ နမ်း​ကြ​၏။ ၃၈ အထူးသဖြင့် သူ​၏​မျက်နှာ​ကို မြင်တွေ့​ရ​တော့မည်​မ​ဟုတ်​ဟု ပေါလု​ပြော​သည့်​စကား​ကြောင့် သူ​တို့​သည် ဝမ်းနည်း​ကြေကွဲ​ကြ​၏။ ထို့နောက် သူ့​ကို သင်္ဘော​ဆီသို့ လိုက်ပို့​ကြ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ ခေါင်းဆောင်တွေဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00