ယုံကြည်သူတပည့်တော်များ ရိတ်သိမ်းရန်သွားခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်မဿဲခရစ်ဝင် ၉: ၃၅-၁၀: ၁

၃၅ ထို့နောက် ယေရှု​သည် မြို့​ရွာ​အားလုံး​ကို​လှည့်လည်​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သွန်သင်​လျက် နိုင်ငံ​တော်​နှင့်ဆိုင်သည့်​ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကာ ရောဂါ​အမျိုးမျိုး​နှင့် အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏။ ၃၆ ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​ကို​မြင်​လျှင် သူ​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့ ပစ်ထား​ခြင်း​ခံရ​၍ စိတ်​ပင်ပန်း​နွမ်းနယ်​နေ​ကြ​သောကြောင့် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၏။ ၃၇ ထိုအခါ ကိုယ်တော်​က“ရိတ်သိမ်း​စရာ​များစွာ​ရှိ​သော်လည်း လုပ်သား​တို့​သည်​နည်း​လှ​၏။ ၃၈ ထို့ကြောင့် ရိတ်သိမ်း​ခြင်း​အတွက် လုပ်သား​များ​ကို စေလွှတ်​ပေး​တော်မူ​ရန် ရိတ်သိမ်း​ခြင်း​၏​အရှင်​ထံ ဆုတောင်း​ကြ​လော့”​ဟု တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။ ၁ ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍ ညစ်ညူး​သော​နတ်​တို့​ကို​နိုင်​ရ​သော​အခွင့်​အာဏာ​ကို သူ​တို့​အား​ပေး​တော်မူ​၏။ ဤသည်ကား ထို​နတ်​တို့​ကို​နှင်ထုတ်​စေရန်​နှင့် ရောဂါ​အမျိုးမျိုး​မှစ၍ အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေရန်​အတွက်​ဖြစ်​၏။

ရှင်မဿဲခရစ်ဝင် ၁၀: ၅-၂၀

၅ ယေရှု​သည် ဤ​တစ်ဆယ့်နှစ်​ပါး​တို့​ကို​စေလွှတ်​၍ မိန့်မှာ​တော်မူ​သည်​ကား“လူမျိုးခြား​တို့​ရှိ​ရာ​လမ်း​သို့ မ​သွား​ကြ​နှင့်။ ရှမာရိ​နယ်သား​တို့​၏​မြို့​ထဲသို့​လည်း မ​ဝင်​ကြ​နှင့်။ ၆ အစ္စရေး​အမျိုး​၏​ပျောက်ဆုံး​သော သိုး​များ​ထံသို့​သာ သွား​ကြ​လော့။ ၇ သင်​တို့​သွား​ကြ​သောအခါ ‘ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ’​ဟု ဟောပြော​ကြ​လော့။ ၈ နာမကျန်း​ဖြစ်​သူ​တို့​ကို ကျန်းမာ​စေ​ကြ​လော့။ သေ​သော​သူ​တို့​ကို ထမြောက်​စေ​ကြ​လော့။ အနာကြီး​ရောဂါသည်​တို့​ကို စင်ကြယ်​စေ​ကြ​လော့။ နတ်ဆိုး​များ​ကို နှင်ထုတ်​ကြ​လော့။ သင်​တို့​သည် အခမဲ့​ရရှိ​ကြ​သည့်​အလျောက် အခမဲ့​ပေး​ကြ​လော့။ ၉ သင်​တို့​၏​ခါးပန်း​တွင် ရွှေ၊ ငွေ၊ ကြေး​ဒင်္ဂါး​တို့​ကို မ​ထည့်​သွား​ကြ​နှင့်။ ၁၀ လမ်း​ခရီး​အတွက် လွယ်အိတ်၊ အင်္ကျီ​အပို၊ ဖိနပ်​နှင့် တောင်ဝှေး​တို့​ကို​လည်း မ​ယူ​သွား​ကြ​နှင့်။ အကြောင်းမူကား အလုပ်​လုပ်​သော​သူ​သည် မိမိ​စားစရာ​ကို​ရ​ထိုက်​၏။ ၁၁ မည်သည့်​မြို့​ရွာ​သို့​မဆို သင်​တို့​ဝင်​ကြ​သောအခါ ထို​မြို့ရွာ​၌ မည်သူ​သည် ထိုက်တန်​သော​သူ​ဖြစ်​သည်​ကို ရှာဖွေ​စုံစမ်း​ပြီး ပြန်လည်​ထွက်ခွာ​သည့်​တိုင်အောင် ထို​သူ​၏​အိမ်​၌ တည်းခို​ကြ​လော့။ ၁၂ ထို​အိမ်​သို့​ဝင်​သောအခါ နှုတ်ဆက်​ကြ​လော့။ ၁၃ ထို​အိမ်​သည် ထိုက်တန်​လျှင် သင်​တို့​၏​ငြိမ်သက်​ခြင်း​သည် ၎င်း​အပေါ်သို့​သက်ရောက်​ပါစေ။ မ​ထိုက်တန်​လျှင်​မူကား သင်​တို့​၏​ငြိမ်သက်​ခြင်း​သည် သင်​တို့​ထံ​ပြန်လာ​ပါစေ။ ၁၄ မည်သူမျှ သင်​တို့​ကို​လက်​မ​ခံ၊ သင်​တို့​၏​စကား​ကို​လည်း နား​မ​ထောင်​လျှင် ထို​အိမ်၊ သို့မဟုတ် ထို​မြို့​ပြင်​သို့​ထွက်သွား​ကြ​စဉ် သင်​တို့​၏​ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ခဲ့​ကြ​လော့။ ၁၅ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ တရား​စီရင်​တော်မူ​ရာ​နေ့​၌ သောဒုံ​နှင့်​ဂေါမောရ​မြို့​တို့​သည် ထို​မြို့​ထက် ခံသာ​ကြ​လိမ့်မည်။ ၁၆ နားထောင်​ကြ​လော့။ ဝံပုလွေ​များ​ထဲသို့ သိုး​တို့​ကို​စေလွှတ်​သကဲ့သို့ သင်​တို့​ကို ငါ​စေလွှတ်​၏။ ထို့ကြောင့် မြွေ​ကဲ့သို့​လိမ္မာ​ပါးနပ်​လျက် ချိုးငှက်​ကဲ့သို့​ရိုးသား​ဖြူစင်​ကြ​လော့။ ၁၇ လူ​တို့​ကို သတိထား​ကြ​လော့။ အကြောင်းမူကား သူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့​အပ်နှံ​လျက် သူ​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သင်​တို့​ကို ဒဏ်ခတ်​ရိုက်နှက်​ကြ​လိမ့်မည်။ ၁၈ သင်​တို့​သည် ဘုရင်ခံ​များ​နှင့်​ရှင်ဘုရင်​များ​ရှေ့သို့ ငါ့​အတွက်​ကြောင့် ခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြ​လိမ့်မည်။ ဤသို့ဖြင့် သင်​တို့​သည် ထို​သူ​တို့​နှင့်​လူမျိုးခြား​တို့​ထံ သက်သေ​ဖြစ်​ကြ​လိမ့်မည်။ ၁၉ သူ​တို့​သည် သင်​တို့​ကို​အပ်နှံ​ကြ​သောအခါ မည်သည့်​အရာ​ကို မည်ကဲ့သို့​ပြောဆို​ရ​မည်နည်း​ဟူ၍ မ​စိုးရိမ်​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​ပြောဆို​ရ​မည့်​အရာ​ကို ထို​အချိန်​နာရီ​၌​ပင် သင်​တို့​ရ​ကြ​လိမ့်မည်။ ၂၀ အဘယ်ကြောင့်​ဆိုသော် ပြောဆို​သော​သူ​မှာ သင်​တို့​မ​ဟုတ်​ဘဲ သင်​တို့​အားဖြင့်​ပြောဆို​တော်မူ​သော သင်​တို့​အဖ​၏​ဝိညာဉ်​တော်​ဖြစ်​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ တပည့်တော်ဖြစ်ခြင်းအကြောင်းဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00