ယုံကြည်သူတပည့်တော်များက ယေရှု၏အခွင့်အာဏာဖြင့်သွားခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

တမန်တော်ဝတ္ထု ၃: ၁-၁၀

၁ တစ်ခါက ပေတရု​နှင့်​ယောဟန်​တို့​သည် ဆုတောင်း​ပတ္ထနာ​ပြု​ချိန်​ဖြစ်​သည့် မွန်းလွဲ​သုံး​နာရီ​တွင် ဗိမာန်​တော်​သို့​တက်​သွား​ကြ​၏။ ၂ ထိုစဉ် လူ​တို့​သည် အမိ​ဝမ်းတွင်း​က​ပင် ခြေ​မသန်စွမ်း​သူ​တစ်​ဦး​ကို ထမ်း​လာ​ကြ​၏။ သူ​သည် ဗိမာန်​တော်​ထဲသို့​ဝင်​သော​သူ​တို့​ထံမှ ပေးကမ်း​စွန့်ကြဲ​ခြင်း​ကို​တောင်းခံ​ရန်​အတွက် လူ​တို့​သည် သူ့​ကို တင့်တယ်​ဟု​ခေါ်​သော ဗိမာန်​တော်​တံခါး​အနီး​တွင် နေ့တိုင်း​ချထား​လေ့​ရှိ​ကြ​၏။ ၃ ထို​သူ​သည် ပေတရု​နှင့်​ယောဟန်​တို့ ဗိမာန်​တော်​ထဲသို့​ဝင်​မည်​ပြု​သည်​ကို​မြင်​သောအခါ ပေးကမ်း​စွန့်ကြဲ​ရန်​တောင်းခံ​လေ​၏။ ၄ ပေတရု​သည် ယောဟန်​နှင့်အတူ သူ့​ကို​စေ့စေ့​ကြည့်​လျက် “ငါ​တို့​ကို​ကြည့်​ပါ”​ဟု ဆို​၏။ ၅ ထို​သူ​သည်​လည်း သူ​တို့​ထံမှ တစ်စုံတစ်ခု​ရ​မည်​ဟု​မျှော်လင့်​၍ သူ​တို့​ကို အာရုံစိုက်​လျက်​နေ​၏။ ၆ ထိုအခါ ပေတရု​က “ငါ​၌ ရွှေ၊ ငွေ​မ​ရှိ။ သို့သော် ရှိ​သည့်​အရာ​ကို သင့်​အား ငါ​ပေး​မည်။ နာဇရက်​မြို့သား​ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ထ​၍ လမ်းလျှောက်​လော့”​ဟု ဆို​လျက် ၇ ထို​သူ​၏​လက်ယာ​လက်​ကို​ဆုပ်ကိုင်​၍ ထူမ​လိုက်​ရာ သူ​၏​ခြေ​နှင့်​ခြေကျင်းဝတ်​တို့​သည် ချက်ချင်း​သန်မာ​လာ​သဖြင့် ၈ သူ​သည် ထခုန်​လျက်​မတ်တတ်​ရပ်​ကာ လမ်းလျှောက်​လေ​၏။ ထို့နောက် လမ်းလျှောက်​လျက်၊ ခုန်ပေါက်​လျက်၊ ဘုရားသခင်​ကို​ချီးမွမ်း​လျက် တမန်တော်​တို့​နှင့်အတူ ဗိမာန်​တော်​ထဲသို့​ဝင်​လေ​၏။ ၉ ထိုအခါ လူ​အပေါင်း​တို့​သည် လမ်းလျှောက်​လျက် ဘုရားသခင်​ကို​ချီးမွမ်း​နေ​သော ထို​သူ​ကို​မြင်​၍ ၁၀ သူ​သည် ပေးကမ်း​စွန့်ကြဲ​ခြင်း​ကို​ခံ​ရန် ဗိမာန်​တော်​၏​တင့်တယ်​တံခါး​နား​တွင် ထိုင်​လေ့​ရှိ​သူ​ဖြစ်​ကြောင်း မှတ်မိ​ကြ​သဖြင့် ထို​သူ​၌​ဖြစ်ပျက်​သည့်​အမှုအရာ​အတွက် အလွန်​အံ့သြ​၍​မိန်းမော​တွေဝေ​ကြ​၏။

တမန်တော်ဝတ္ထု ၁၃: ၆-၁၂

၆ တစ်​ကျွန်း​လုံး​ကို​လှည့်လည်​၍ ပါဖု​မြို့​အထိ​ရောက်​လျှင် ပရောဖက်​အတုအယောင်​ဖြစ်​သည့် ဗာယေရှု​အမည်​ရှိ​သော ဂျူး​လူမျိုး​မှော်ဆရာ​တစ်​ဦး​ကို တွေ့​ကြ​၏။ ၇ ထို​သူ​သည် ဉာဏ်ထက်မြက်​သူ​တစ်​ဦး​ဖြစ်​သည့် အုပ်ချုပ်ရေးမှူး​သေရဂိ​ပေါလု​နှင့်အတူ​ရှိ​နေ​၏။ ထို​အုပ်ချုပ်ရေးမှူး​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ကြားနာ​လို​၍ ဗာနဗ​နှင့်​ရှောလု​တို့​ကို ဖိတ်ခေါ်​လေ​၏။ ၈ သို့သော် မှော်ဆရာ​ဟု​အဓိပ္ပာယ်​ရ​သည့် ဧလုမ​အမည်​ရှိ​သော ထို​သူ​သည် အုပ်ချုပ်ရေးမှူး​အား ယုံကြည်​ခြင်း​မှ​လွှဲဖယ်​စေရန် ကြိုးစား​ရှာကြံ​လျက် ဗာနဗ​နှင့်​ရှောလု​တို့​ကို ဟန့်တား​လေ​၏။ ၉ ထိုအခါ ပေါလု​ဟု​လည်း​ခေါ်​သော​ရှောလု​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် သူ့​ကို စေ့စေ့​ကြည့်​ကာ ၁၀ “အို စဉ်းလဲ​ခြင်း​အပေါင်း​နှင့်​လှည့်စား​မှု​ရှိသမျှ​တို့​ဖြင့်​ပြည့်ဝ​သူ၊ မာရ်နတ်​၏​သား၊ ဖြောင့်မတ်​ခြင်း​အပေါင်း​တို့​၏​ရန်သူ၊ သင်​သည် ထာဝရ​ဘုရား​၏​ဖြောင့်မတ်​သော​လမ်း​တို့​ကို ကွေ့ကောက်​အောင်​လုပ်​ခြင်း​မှ မ​ရပ်တန့်​ဘဲ​နေ​မည်​လော။ ၁၁ ကြည့်​လော့။ ထာဝရ​ဘုရား​၏​လက်​တော်​သည် ယခု​ပင် သင့်​အပေါ်သို့​ကျရောက်​သဖြင့် သင်​သည် မျက်စိကွယ်​လျက် ကာလ​အတန်ကြာ နေ​ကို​မ​မြင်​ဘဲ​နေ​လိမ့်မည်”​ဟု ဆို​၏။ ထို​ခဏချင်း​တွင် မှုန်ဝါး​ခြင်း​နှင့်​မှောင်မိုက်​ခြင်း​တို့​သည် သူ့​အပေါ်​ကျရောက်​သဖြင့် သူ​သည် လက်ဆွဲ​၍​လမ်းပြ​မည့်​သူ​ကို စမ်းတဝါးဝါး​လိုက်ရှာ​လေ​၏။ ၁၂ အုပ်ချုပ်ရေးမှူး​သည် ဖြစ်ပျက်​သော​အမှုအရာ​ကို​မြင်​လျှင် သခင်​ဘုရား​နှင့်​ပတ်သက်သော​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​လျက် ယုံကြည်​လေ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ တပည့်တော်ဖြစ်ခြင်းအကြောင်းဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00