ယုံကြည်သူတပည့်တော်များ အဟောင်းကိုချွတ်၍ အသစ်ဝတ်ခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ကောလောသဲဩဝါဒစာ ၃: ၁-၁၇

၁ သို့ဖြစ်၍ သင်​တို့​သည် ခရစ်တော်​နှင့်အတူ​ထမြောက်​ကြ​သည်​ဆိုလျှင် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ထိုင်​တော်မူ​သော​ခရစ်တော်​ရှိ​ရာ အထက်​အရပ်​၌​ရှိ​သည့်​အရာ​များ​ကို ရှာဖွေ​ကြ​လော့။ ၂ မြေကြီး​ပေါ်၌​ရှိ​သော​အရာ​တို့​ကို မ​စွဲလမ်း​ဘဲ အထက်​အရပ်​၌​ရှိ​သော​အရာ​တို့​ကို စွဲလမ်း​ကြ​လော့။ ၃ အကြောင်းမှာ သင်​တို့​သည် သေဆုံး​ခဲ့​ပြီ​ဖြစ်၍ သင်​တို့​၏​အသက်​သည် ခရစ်တော်​နှင့်အတူ ဘုရားသခင်​၌​ဝှက်​ထား​လျက်​ရှိ​၏။ ၄ သင်​တို့​၏​အသက်​ဖြစ်​သော​ခရစ်တော်​ထင်ရှား​တော်မူ​သောအခါ သင်​တို့​သည်​လည်း ကိုယ်တော်​နှင့်အတူ ဘုန်း​အသရေ​၌​ထင်ရှား​ကြ​လိမ့်မည်။ ၅ ထို့ကြောင့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ညစ်ညူး​ခြင်း၊ ကိလေသာ​ပြင်းပြ​ခြင်း၊ ဆိုးယုတ်​သော​တပ်မက်​ခြင်း​နှင့် ရုပ်တု​ကိုးကွယ်​ခြင်း​တည်းဟူသော လောဘ​လွန်ကျူး​ခြင်း စသည့်​မြေကြီး​နှင့်ဆိုင်သော​ကိုယ်အင်္ဂါ​များ​ကို သေ​စေ​ကြ​လော့။ ၆ ထို​အမှု​များ​ကြောင့် ဘုရားသခင်​၏​အမျက်​တော်​သည် နာခံ​မှု​မ​ရှိ​သော​သူ​တို့​အပေါ်သို့ သက်ရောက်​လာ​၏။ ၇ သင်​တို့​သည်​လည်း ယခင်​က ထို​အရာ​တို့​၌ အသက်ရှင်​ကြ​စဉ် ထို​အရာ​တို့​ထဲတွင် ကျင်လည်​ခဲ့​ကြ​၏။ ၈ ယခု​မူကား သင်​တို့​သည် အမျက်ထွက်​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ မလိုတမာ​ဖြစ်​ခြင်း၊ စော်ကား​ပြောဆို​ခြင်း​နှင့် သင်​တို့​၏​နှုတ်​မှ​ထွက်​သည့် ညစ်ညမ်း​ရိုင်းစိုင်း​သော​စကား စသည့်​အမှု​အလုံးစုံ​တို့​ကို ဖယ်ရှား​ကြ​လော့။ ၉ အချင်းချင်း​မ​လိမ်ညာ​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​သည် လူ​ဟောင်း​ကို ၎င်း​၏​အကျင့်​များ​နှင့်အတူ​ချွတ်ပယ်​၍ ၁၀ ဖန်ဆင်း​တော်မူ​သော​အရှင်​၏​ပုံသဏ္ဌာန်​နှင့်အညီ စစ်မှန်​သော​အသိပညာ​အားဖြင့် အသစ်​ပြုပြင်​ခြင်း​ခံရ​သော​လူ​သစ်​ကို ဝတ်ဆင်​ကြ​ပြီ​ဖြစ်​၏။ ၁၁ ထိုသို့​ဖန်ဆင်း​ပြုပြင်​ရာ​၌ ဂရိ​လူမျိုး​နှင့်​ဂျူး​လူမျိုး၊ အရေဖျား​လှီး​ထား​သော​သူ​နှင့်​မ​လှီး​ထား​သော​သူ၊ သကုသိ​လူ​နှင့်​လူရိုင်း၊ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ခရစ်တော်​သည် အလုံးစုံ​ဖြစ်​ပြီး အလုံးစုံ​တို့​၌​ရှိ​တော်မူ​၏။ ၁၂ ထို့ကြောင့် သင်​တို့​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​သူ​များ၊ သန့်ရှင်း​သော​သူ​များ​နှင့် ချစ်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​သည့်​အလျောက် ကြင်နာ​ခြင်း​နှင့်​ပြည့်ဝ​သည့်​သက်ညှာ​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ စိတ်​နှိမ့်ချ​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​နှင့် စိတ်ရှည်​သည်းခံ​ခြင်း​တို့​ကို ဝတ်ဆင်​ကြ​လော့။ ၁၃ အချင်းချင်း​သည်းခံ​၍ တစ်​ဦး​အပေါ်​တစ်​ဦး​အပြစ်တင်​စရာ​ရှိ​လျှင် သခင်​ဘုရား​သည် သင်​တို့​ကို​ခွင့်လွှတ်​တော်မူ​သကဲ့သို့ သင်​တို့​သည်​လည်း အချင်းချင်း​ခွင့်လွှတ်​ကြ​လော့။ ၁၄ ဤ​အရာ​အားလုံး​တို့​အပေါ်၌ စုံလင်​ခြင်း​၏​နှောင်ကြိုး​ဖြစ်​သော ချစ်​ခြင်း​မေတ္တာ​ကို ဝတ်ဆင်​ကြ​လော့။ ၁၅ သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ခရစ်တော်​၏​ငြိမ်သက်​ခြင်း​ကို အုပ်စိုး​စေ​ကြ​လော့။ အကြောင်းမူကား သင်​တို့​သည် ဤ​ငြိမ်သက်​ခြင်း​အတွက် ကိုယ်ခန္ဓာ​တစ်​ခု​တည်း​ထဲသို့ ခေါ်ယူ​တော်မူ​ခြင်း​ခံရ​ကြ​၏။ ကျေးဇူး​သိ​တတ်​သော​စိတ်​ရှိ​ကြ​လော့။ ၁၆ ခရစ်တော်​၏​နှုတ်ကပတ်​တရား​ကို သင်​တို့​၌ ကြွယ်ဝ​စွာ​တည်​စေ​၍ အချင်းချင်း​တို့​ကို အမျိုးမျိုး​သော​ဉာဏ်ပညာ​ဖြင့်​သွန်သင်​လျက် သတိပေး​ဆုံးမ​ကာ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်တကွ ဆာလံ​သီချင်း​များ၊ ဓမ္မ​သီချင်း​များ​နှင့် ဝိညာဉ်ရေး​ဆိုင်ရာ​သီချင်း​များ​ကို သင်​တို့​၏​စိတ်နှလုံး​နှင့်တကွ ဘုရားသခင်​ထံ သီဆို​ကြ​လော့။ ၁၇ သင်​တို့​ပြု​သမျှ​သော​အရာ​တို့​ကို​လည်း ပြောဆို​မှု​၌​ဖြစ်စေ၊ လုပ်ဆောင်​မှု​၌​ဖြစ်စေ အရာ​ခပ်သိမ်း​တို့​ကို သခင်​ယေရှု​၏​နာမ​တော်​၌​ပြု​လျက် ကိုယ်တော်​အားဖြင့် ခမည်းတော်​ဘုရားသခင်​ကို ကျေးဇူးတင်​ကြ​လော့။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ တပည့်တော်ဖြစ်ခြင်းအကြောင်းဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00