၂၁ ထိုအခါ ပေတရုသည် အထံတော်သို့ချဉ်းကပ်၍ “သခင်ဘုရား၊ အကျွန်ုပ်၏ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှားသည့်အခါ သူ့ကို အကြိမ်မည်မျှ ခွင့်လွှတ်ရပါမည်နည်း။ ခုနစ်ကြိမ်တိုင်အောင်လော”ဟု မေးလျှောက်လေ၏။ ၂၂ ယေရှုကလည်း“ခုနစ်ကြိမ်တိုင်အောင်ဟု ငါမဆိုဘဲ ခုနစ်ကြိမ်ကို ခုနစ်ဆယ်လီတိုင်အောင်ဟု ငါဆို၏။ ၂၃ ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သည် မိမိအစေအပါးတို့နှင့်စာရင်းရှင်းလိုသော ဘုရင်တစ်ပါးနှင့်တူ၏။ ၂၄ သူသည် စာရင်းစတင်ရှင်းသောအခါ တာလန်တစ်သောင်းအကြွေးတင်သူတစ်ယောက်ကို ရှေ့တော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ၂၅ သို့သော် ထိုသူ၌ အကြွေးဆပ်စရာမရှိသောကြောင့် သူကိုယ်တိုင်မှစ၍ သားမယားနှင့် သူပိုင်ဆိုင်သောအရာအားလုံးတို့ကိုရောင်း၍ အကြွေးဆပ်ရန် သူ့သခင်သည် အမိန့်ချလေ၏။ ၂၆ ထိုအခါ ထိုအစေအပါးသည် ပျပ်ဝပ်လျက် သခင်ကိုရှိခိုးကာ ‘အကျွန်ုပ်ကိုသည်းခံတော်မူပါ။ အကြွေးရှိသမျှကို ပြန်ဆပ်ပါမည်’ဟု တောင်းလျှောက်လေ၏။ ၂၇ ထိုအစေအပါး၏သခင်သည် ကြင်နာစိတ်ရှိ၍ သူ့ကိုလွှတ်ပေးကာ သူ၏အကြွေးကို လျှော်ပစ်လေ၏။ ၂၈ သို့သော် ထိုအစေအပါးသည် ထွက်သွား၍ သူ့ထံ၌ ဒေနာရိတစ်ရာအကြွေးတင်သော အစေအပါးချင်းတစ်ဦးကိုတွေ့လျှင် သူ့ကိုဖမ်း၍ လည်ပင်းညှစ်လျက် ‘သင်ယူထားသောအကြွေးကို ပြန်ဆပ်လော့’ဟု ဆို၏။ ၂၉ ထိုအခါ ထိုအစေအပါးချင်းသည် ပျပ်ဝပ်လျက် ‘အကျွန်ုပ်ကိုသည်းခံပါ။ သင့်အား အကြွေးပြန်ဆပ်ပါမည်’ဟု တောင်းပန်လေ၏။ ၃၀ သို့သော် သူသည် လက်မခံဘဲ သွား၍ ထိုအစေအပါးချင်းအား သူယူထားသောအကြွေးကို ပြန်ဆပ်သည့်တိုင်အောင် ထောင်ထဲ၌ ထည့်ထားလေ၏။ ၃၁ အခြားသောအစေအပါးချင်းများသည် ထိုအဖြစ်အပျက်ကိုမြင်လျှင် အလွန်စိတ်မကောင်းဖြစ်ကာ သူတို့၏သခင်ထံသို့သွား၍ ဖြစ်လေသမျှတို့ကို လျှောက်ထားကြ၏။ ၃၂ ထိုအခါ သခင်သည် ထိုအစေအပါးကိုခေါ်၍ ‘ဆိုးညစ်သောအစေအပါး၊ သင်သည် ငါ့ကိုတောင်းပန်သောကြောင့် အကြွေးရှိသမျှကို သင့်အတွက် ငါလျှော်ပစ်ခဲ့၏။ ၃၃ ငါသည် သင့်ကိုသနားသကဲ့သို့ သင်သည်လည်း အစေအပါးချင်းကို သနားသင့်သည်မဟုတ်လော’ဟု ဆို၏။ ၃၄ ဤသို့ဖြင့် သူ၏သခင်သည်အမျက်ထွက်ကာ အကြွေးရှိသမျှကို ပြန်ဆပ်သည့်တိုင်အောင် သူ့ကို အကျဉ်းချနှိပ်စက်သောသူတို့လက်သို့ အပ်လေ၏။ ၃၅ သင်တို့တစ်ဦးစီသည် မိမိညီအစ်ကိုကို စိတ်နှလုံးထဲမှခွင့်မလွှတ်လျှင်ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်သည်လည်း သင်တို့ကို ထိုနည်းတူပြုတော်မူလိမ့်မည်”ဟု မိန့်တော်မူ၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.