ယုံကြည်သူတပည့်တော်များက ဘုရားသခင်၏ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ဧဖက်ဩဝါဒစာ ၆: ၁၀-၂၀

၁၀ နောက်ဆုံး​အနေဖြင့်​ဆို​ရ​လျှင် သခင်​ဘုရား​၌​လည်းကောင်း၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်ဆိုင်သော တန်ခိုး​အရှိန်အဝါ​၌​လည်းကောင်း ခွန်အား​နှင့်​ပြည့်စုံ​ကြ​လော့။ ၁၁ သင်​တို့​သည် မာရ်နတ်​၏​လျှို့ဝှက်​သော​အကြံအစည်​များ​ကို ခုခံ​တားဆီး​နိုင်​ရန် ဘုရားသခင်​၏​လက်နက်​စုံ​ကို ဆောင်ယူ​ဝတ်ဆင်​ကြ​လော့။ ၁၂ အကြောင်းမူကား ငါ​တို့​သည် အသွေး​အသား​ရှိ​သော​သူ​ကို ရင်ဆိုင်​တိုက်ခိုက်​နေ​ကြ​သည်​မ​ဟုတ်။ အုပ်ချုပ်မှု​များ၊ အာဏာစက်​များ၊ ဤ​လောကီ​မှောင်မိုက်​ခြင်း​ကို အစိုးတရ​ပြု​သော​မင်း​များ၊ အထက်​ကောင်းကင်​အရပ်​၌​ရှိ​သည့် ဆိုးညစ်​သော​ဝိညာဉ်​တန်ခိုး​များ​နှင့် ရင်ဆိုင်​တိုက်ခိုက်​နေ​ကြ​ခြင်း​ဖြစ်​၏။ ၁၃ ထို့ကြောင့် ဆိုးညစ်​သော​နေ့ရက်​ကာလ​၌ ကြံ့ကြံ့​ခံ​၍ အလုံးစုံ​တို့​ကို​ပြီးမြောက်​စေ​လျက် ရပ်တည်​နိုင်​ရန် ဘုရားသခင်​၏​လက်နက်​စုံ​ကို ဆောင်ယူ​ကြ​လော့။ ၁၄ သို့ဖြစ်၍ သမ္မာတရား​ဖြင့် သင်​တို့​ခါး​ကို​စည်း​လျက် ဖြောင့်မတ်​ခြင်း​ရင်အုပ်​တန်ဆာ​ကို ဝတ်ဆင်​ကာ ၁၅ ခြေ​၌ ငြိမ်သက်​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​အတွက် အသင့်​ဖြစ်​ခြင်း​ကို​စီး​၍ ရပ်တည်​ကြ​လော့။ ၁၆ ထို​အရာ​အားလုံး​တို့​အပြင် ယုံကြည်​ခြင်း​ဒိုင်းလွှား​ကို ထပ်ဆင့်​၍​ဆောင်ယူ​ကြ​လော့။ ထို​ဒိုင်းလွှား​အားဖြင့် မာရ်နတ်​၏​တောက်လောင်​နေ​သော​မြား​ရှိသမျှ​တို့​ကို သင်​တို့​ငြှိမ်းသတ်​နိုင်​ကြ​လိမ့်မည်။ ၁၇ ကယ်တင်​ခြင်း​သံခမောက်​နှင့် ဘုရားသခင်​၏​နှုတ်ကပတ်တော်​တည်းဟူသော ဝိညာဉ်​တော်​ဓား​ကို​လည်း ယူ​ကြ​လော့။ ၁၈ အမျိုးမျိုး​သော ဆုတောင်း​ခြင်း​နှင့်​အသနားခံ​ခြင်း​တို့​ဖြင့် အချိန်​ရှိ​သရွေ့ ဝိညာဉ်​တော်​၌​ဆုတောင်း​ကြ​လော့။ ထိုသို့​ပြု​နိုင်​ရန် နိုးနိုးကြားကြား​ရှိ​လျက် ဇွဲ​လုံ့လ​အပြည့်အဝ​ဖြင့် သန့်ရှင်း​သူ​အပေါင်း​တို့​အတွက် အသနားခံ​ကြ​လော့။ ၁၉ ငါ​သည် နှုတ်​ကို​ဖွင့်​သောအခါ ပြော​ရ​မည့်​စကား​ကို ငါ့​အား​ပေး​တော်မူ​၍ ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ရဲရင့်​စွာ​ပြောပြ​နိုင်​ရန် ငါ့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။ ၂၀ ငါ​သည် ဤ​ကောင်းမြတ်​သော​သတင်း​အတွက် သံကြိုး​ဖြင့်​ချည်နှောင်​ထား​ခြင်း​ခံရ​သော သံတမန်​ဖြစ်​၏။ ဤ​သို့​ချည်နှောင်​ထား​ခြင်း​ခံရ​သော်လည်း ငါ​သည် ဟောပြော​သင့်​သည့်​အတိုင်း ရဲရင့်​စွာ​ဟောပြော​နိုင်​ရန် ဆုတောင်း​ပေး​ကြ​လော့။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ တပည့်တော်ဖြစ်ခြင်းအကြောင်းဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00