အသင်းတော်သည် ဘုရားသခင်၏အိမ်သူအိမ်သားများဖြစ်ခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ဧဖက်ဩဝါဒစာ ၂: ၁၁-၂၂

၁၁ ထို့ကြောင့် တစ်ချိန်က သင်​တို့​သည် ဇာတိ​အားဖြင့် လူမျိုးခြား​များ​ဖြစ်​ကြ​ပြီး ကိုယ်ကာယ​၌ လက်​ဖြင့်​အရေဖျား​လှီး​ထား​သော​သူ​တို့​က သင်​တို့​ကို အရေဖျား​မ​လှီး​သော​သူ​ဟု ခေါ်ဝေါ်​ခဲ့​ကြ​သည်​ကို သတိရ​ကြ​လော့။ ၁၂ ထို​အချိန်​က သင်​တို့​သည် ခရစ်တော်​နှင့်​ကင်းကွာ​၍ အစ္စရေး​အမျိုးသား​စာရင်း​မ​ဝင်၊ ကတိ​တော်​နှင့်ဆိုင်သော​ပဋိညာဉ်​များ​နှင့်​မသက်ဆိုင်၊ ဤ​လောက​၌​မျှော်လင့်​ခြင်း​မ​ရှိ၊ ဘုရား​မဲ့​လျက်​နေ​ခဲ့​ကြ​၏။ ၁၃ သို့သော် တစ်ချိန်က ဝေးကွာ​လျက်​ရှိ​ခဲ့​သော​သင်​တို့​သည် ယခု​အခါ ခရစ်တော်​ယေရှု​၌ ခရစ်တော်​၏​သွေး​တော်​အားဖြင့် အနီး​သို့​ရောက်​ရ​ကြ​ပြီ။ ၁၄ အကြောင်းမူကား ကိုယ်တော်​သည် ငါ​တို့​၏​သင့်မြတ်​ငြိမ်းချမ်း​ခြင်း​အကြောင်း​ဖြစ်​တော်မူ​၍ ငါ​တို့​နှစ်မျိုးစလုံး​ကို တစ်မျိုးတည်း​ဖြစ်​စေ​ပြီး ပိုင်းခြား​သော​ရန်ငြိုး​တံတိုင်း​ကို ဖြိုဖျက်​ကာ ၁၅ စည်းမျဉ်း​များ​ပါ​သည့် ပညတ်​ချက်​တို့​နှင့်ဆိုင်သော​ပညတ်​တရား​ကို မိမိ​ကိုယ်ခန္ဓာ​တော်​အားဖြင့် ပယ်ဖျက်​တော်မူ​၏။ ဤသည်ကား လူ​နှစ်​မျိုး​ကို မိမိ​၌ တစ်မျိုးတည်း​သော​လူ​သစ်​အဖြစ် ဖန်ဆင်း​လျက် သင့်မြတ်​ငြိမ်းချမ်း​ခြင်း​ကို​ဖြစ်​စေ​ကာ ၁၆ လက်ဝါးကပ်တိုင်​တွင် ရန်ငြိုး​ကို​သုတ်သင်​ပြီး လက်ဝါးကပ်တိုင်​အားဖြင့် ငါ​တို့​နှစ်မျိုးစလုံး​ကို ကိုယ်ခန္ဓာ​တစ်ခုတည်း​၌ ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​စေရန်​ဖြစ်​၏။ ၁၇ ထို့နောက် ကိုယ်တော်​သည် ကြွလာ​တော်မူ​၍ အဝေး​၌​ရှိ​သော​သင်​တို့​ကို​လည်းကောင်း၊ အနီး​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း သင့်မြတ်​ငြိမ်းချမ်း​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​တော်မူ​၏။ ၁၈ ဤသို့ဖြင့် ငါ​တို့​နှစ်မျိုးစလုံး​သည် ဝိညာဉ်​တော်​တစ်ပါးတည်း​၌ ခမည်းတော်​ထံသို့​တိုးဝင်​ခွင့်​ကို ကိုယ်တော်​အားဖြင့်​ရရှိ​ကြ​၏။ ၁၉ ထို့ကြောင့် သင်​တို့​သည် လူမျိုးခြား​များ​နှင့်​သူစိမ်း​ဧည့်သည်​များ​မ​ဟုတ်​တော့​ဘဲ သန့်ရှင်း​သူ​တို့​နှင့်​တစ်​မျိုးသား​တည်း​ဖြစ်​ကြ​ပြီး ဘုရားသခင်​၏​အိမ်သူအိမ်သား​များ​ဖြစ်​ကြ​၏။ ၂၀ သင်​တို့​သည် တမန်တော်​များ​နှင့်​ပရောဖက်​များ​၏​အုတ်မြစ်​ပေါ်တွင် တည်ဆောက်​ခြင်း​ခံရ​ကြ​၍ ခရစ်တော်​ယေရှု​ကိုယ်တော်​တိုင် ထောင့်ချုပ်​ကျောက်​ဖြစ်​တော်မူ​၏။ ၂၁ ထို​ထောင့်ချုပ်​ကျောက်​အားဖြင့် အဆောက်အအုံ​တစ်ခုလုံး​သည် အံဝင်ခွင်ကျ​ဆက်စပ်​လျက် သခင်​ဘုရား​၌ သန့်ရှင်း​သော​ဗိမာန်​တော်​အဖြစ်​သို့ တိုးပွား​လေ​၏။ ၂၂ သင်​တို့​သည်​လည်း ဝိညာဉ်​တော်​အားဖြင့် ဘုရားသခင်​ကိန်းဝပ်​တော်မူ​ရာ​အဖြစ်​သို့ ထို​သခင်​၌ အတူတကွ​တည်ဆောက်​ခြင်း​ခံရ​ကြ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ အသင်းတော်ဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00