၈ ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတို့ကို လူမျိုးတကာတို့အား ကြားသိစေကြလော့။ ၉ ကိုယ်တော်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ပြောကြားကြလော့။ ၁၀ ကိုယ်တော်၏သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့။ ထာဝရဘုရားကို ရှာသောသူတို့၏စိတ်နှလုံး၌ ဝမ်းမြောက်ခြင်း ရှိကြပါစေ။ ၁၁ ထာဝရဘုရားနှင့် ထာဝရဘုရား၏တန်ခိုးတော်ကို စူးစမ်းကြလော့။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။ ၁၂ ပြုတော်မူသောအံ့ဖွယ်အမှုများ၊ ပြတော်မူသောနိမိတ်လက္ခဏာများ၊ နှုတ်တော်ထွက်စီရင်ထုံးဖွဲ့ချက်များကို အောက်မေ့ကြလော့။ ၁၃ အို ကိုယ်တော်၏အစေအပါး အစ္စရေး၏သားစဉ်မြေးဆက်၊ ကိုယ်တော်ရွေးကောက်တော်မူသော ယာကုပ်သားမြေးတို့၊ ၁၄ ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ကမ္ဘာမြေတစ်ခွင်လုံး၌ရှိ၏။ ၁၅ ကိုယ်တော်၏ပဋိညာဉ်တော်ကို အစဉ်သတိရကြလော့။ မိန့်တော်မူထားသောစကားတော်ကို မျိုးဆက်ပေါင်းတစ်ထောင်တိုင်အောင် သတိရကြလော့။ ၁၆ ဤသည်ကား အာဗြဟံနှင့် ဖွဲ့ခဲ့သောပဋိညာဉ်၊ ဣဇက်၌ထားခဲ့သောကတိတော် ဖြစ်၏။ ၁၇ ထိုကတိတော်ကို ယာကုပ်အဖို့ ပြဋ္ဌာန်းချက်အဖြစ်၊ အစ္စရေးအဖို့ ထာဝရပဋိညာဉ်အဖြစ် တည်စေတော်မူပြီး ၁၈ “ခါနာန်ပြည်ကို သင်တို့အား အမွေဝေစုအဖြစ် ငါပေးမည်”ဟု မိန့်တော်မူခဲ့၏။ ၁၉ ထိုစဉ်က သင်တို့သည် အမှန်တကယ် လူနည်းစုသာဖြစ်ပြီး ထိုပြည်၌ ဧည့်သည်အဖြစ်တည်းခိုနေထိုင်ခဲ့ရ၏။ ၂၀ သူတို့သည် လူမျိုးတစ်မျိုးမှတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံမှတစ်နိုင်ငံသို့ လှည့်လည်သွားလာခဲ့ကြရ၏။ ၂၁ သူတို့ကို နှိပ်စက်ဖို့ မည်သူကိုမျှအခွင့်ပေးတော်မမူ။ သူတို့အတွက် ရှင်ဘုရင်တို့ကို ဆုံးမတော်မူပြီး ၂၂ “ငါဘိသိက်ပေးသောသူတို့ကို မထိကြနှင့်။ ငါ့ပရောဖက်တို့ကို ဘေးမပြုကြနှင့်”ဟု မိန့်တော်မူ၏။ ၂၃ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားထံ သီချင်းဆိုကြလော့။ ကယ်တင်ခြင်းအကြောင်းကို နေ့ရက်အစဉ်ဟောပြောကြလော့။ ၂၄ ဘုန်းအသရေတော်အကြောင်းကို လူမျိုးခြားတို့အားလည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို လူမျိုးအပေါင်းတို့အားလည်းကောင်း ပြောကြားကြလော့။ ၂၅ အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူ၏။ ချီးမွမ်းဖွယ်အလွန်ကောင်း၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေဖွယ် ကောင်းလှ၏။ ၂၆ အကယ်စင်စစ် လူမျိုးတို့၏ဘုရားရှိသမျှတို့သည် ရုပ်တုမျှသာ ဖြစ်၏။ ထာဝရဘုရားမူကား ကောင်းကင်ကို ဖန်ဆင်းတော်မူ၏။ ၂၇ ရှေ့တော်တွင် ဘုန်းကျက်သရေနှင့် ခန့်ညားထည်ဝါမှုတို့ ရှိပါ၏။ ကိန်းဝပ်တော်မူရာအရပ်တွင် အစွမ်းတန်ခိုးနှင့် ဝမ်းမြောက်ခြင်းတို့ရှိပါ၏။ ၂၈ လူမျိုးတို့၏မျိုးနွယ်စုတို့၊ ထာဝရဘုရားကို သိမှတ်ဝန်ခံကြလော့။ ထာဝရဘုရား၌ ဘုန်းအသရေ၊ အစွမ်းတန်ခိုးရှိကြောင်းကို သိမှတ်ဝန်ခံကြလော့။ ၂၉ ထာဝရဘုရား၏နာမတော်ဘုန်းကြီးတော်မူကြောင်းကို သိမှတ်ဝန်ခံကြလော့။ ပူဇော်သက္ကာကို ရှေ့တော်သို့ ယူဆောင်လာကြလော့။ သန့်ရှင်းခြင်းတန်ဆာကိုဆင်၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။ ၃၀ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်ကြလော့။ ကမ္ဘာမြေကြီးကို မလှုပ်ရှားနိုင်အောင် ခိုင်မြဲစွာတည်ထားတော်မူပြီ။ ၃၁ မိုးကောင်းကင် ဝမ်းမြောက်ပါစေ။ ကမ္ဘာမြေကြီး ရွှင်လန်းပါစေ။ လူမျိုးခြားတို့အလယ်တွင် “ထာဝရဘုရား စိုးစံတော်မူ၏”ဟု ကြွေးကြော်ကြစေ။ ၃၂ ပင်လယ်နှင့် ပင်လယ်ပြင်ရှိအရာအားလုံးတို့လည်း မြည်ဟည်းကြစေ။ လယ်ပြင်နှင့် လယ်ပြင်ရှိအရာအားလုံးတို့လည်း ရွှင်မြူးကြစေ။ ၃၃ ထာဝရဘုရားသည် ကမ္ဘာမြေကြီးကို တရားစီရင်ရန် ကြွလာတော်မူမည်ဖြစ်၍ တောသစ်ပင်တို့သည် ရှေ့တော်၌ ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်။ ၃၄ ထာဝရဘုရားသည် ကောင်းမြတ်တော်မူပြီး မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်သည်ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ၃၅ “အကျွန်ုပ်တို့၏ကယ်တင်ရှင်၊ အကျွန်ုပ်တို့၏ဘုရားသခင်၊ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ သန့်ရှင်းသောနာမတော်ကို ချီးမွမ်း၍ ဂုဏ်ကျေးဇူးတော်ကို ထောမနာပြုနိုင်ရန် လူမျိုးတကာတို့ထံမှ အကျွန်ုပ်တို့ကို စုစည်း၍ကယ်နုတ်တော်မူပါ”ဟု တောင်းလျှောက်ကြလော့။ ၃၆ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ကာလအစဉ်အဆက်မင်္ဂလာရှိပါစေသော ဟုသီဆိုကြ၍ လူအပေါင်းတို့က “အာမင်”ဟုဆိုလျက် ထာဝရဘုရားကို ချီးမွမ်းကြ၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.