၃၁ လူ့သားသည် မိမိ၏ဘုန်းအသရေကိုဆောင်လျက် ကောင်းကင်တမန်အပေါင်းတို့နှင့်တကွ ကြွလာသောအခါ ဘုန်းအသရေနှင့်ပြည့်စုံသော မိမိ၏ပလ္လင်ပေါ်၌ ထိုင်တော်မူလိမ့်မည်။ ၃၂ ထိုအခါ လူမျိုးအပေါင်းတို့ကို ရှေ့တော်၌ စုဝေးစေကြလိမ့်မည်။ ထို့နောက် သိုးထိန်းသည် သိုးတို့ကို ဆိတ်တို့နှင့် သီးခြားခွဲထားသကဲ့သို့ ကိုယ်တော်သည် သူတို့ကို တစ်ဦးနှင့်တစ်ဦး သီးခြားခွဲထားကာ ၃၃ သိုးများကို မိမိ၏လက်ယာတော်ဘက်၌လည်းကောင်း၊ ဆိတ်များကို လက်ဝဲတော်ဘက်၌လည်းကောင်း ထားတော်မူလိမ့်မည်။ ၃၄ ထို့နောက် မင်းကြီးသည် မိမိ၏လက်ယာတော်ဘက်၌ရှိသောသူတို့အား ‘ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံစားရသောသူတို့၊ ကမ္ဘာတည်ကတည်းက သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို လာ၍ အမွေဆက်ခံကြလော့။ ၃၅ အကြောင်းမူကား ငါသည် ဆာလောင်သောအခါ သင်တို့သည် ငါ့ကိုစားစရာပေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့ကိုသောက်စရာပေးကြ၏။ ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြိုဆိုလက်ခံကြ၏။ ၃၆ ငါသည် အဝတ်မပါအချည်းစည်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုဝတ်စရာပေးကြ၏။ ငါသည် နာမကျန်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြည့်ရှုကြ၏။ ငါသည် ထောင်ကျသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏’ဟု မိန့်တော်မူလိမ့်မည်။ ၃၇ ထိုအခါ ဖြောင့်မတ်သောသူတို့က ‘သခင်ဘုရား၊ အကျွန်ုပ်တို့သည် မည်သည့်အခါတွင် ကိုယ်တော်ဆာလောင်တော်မူသည်ကိုမြင်၍ ကျွေးမွေးခဲ့ပါသနည်း။ သို့မဟုတ် ရေငတ်တော်မူသည်ကိုမြင်၍ သောက်စရာပေးခဲ့ပါသနည်း။ ၃၈ မည်သည့်အခါတွင် ကိုယ်တော်သည် သူစိမ်းဧည့်သည်ဖြစ်တော်မူသည်ကိုမြင်၍ ကြိုဆိုလက်ခံခဲ့ပါသနည်း။ သို့မဟုတ် အဝတ်မပါအချည်းစည်းဖြစ်တော်မူသည်ကိုမြင်၍ ဝတ်စရာပေးခဲ့ပါသနည်း။ ၃၉ မည်သည့်အခါတွင် ကိုယ်တော်နာမကျန်းဖြစ်တော်မူသည်ကိုလည်းကောင်း၊ ထောင်ကျတော်မူသည်ကိုလည်းကောင်း မြင်၍ ကိုယ်တော်ထံလာခဲ့ပါသနည်း’ဟု မင်းကြီးအား ပြန်လျှောက်ကြလိမ့်မည်။ ၄၀ မင်းကြီးကလည်း ‘သင်တို့အား ငါအမှန်ဆိုမည်။ ငါ၏ဤညီအစ်ကိုတို့တွင် အငယ်ဆုံးသောသူတို့ထဲမှ တစ်ဦးတစ်ယောက်အား သင်တို့ပြုခဲ့သမျှသည် ငါ့ကိုပြုခဲ့ခြင်းဖြစ်၏’ဟု ပြန်၍မိန့်တော်မူလိမ့်မည်။ ၄၁ ထို့နောက် မင်းကြီးသည် လက်ဝဲတော်ဘက်၌ရှိသောသူတို့အားလည်း ‘ကျိန်ဆဲခြင်းခံရသောသူတို့၊ ငါ့ထံမှထွက်ခွာ၍ မာရ်နတ်နှင့်သူ၏စေတမန်များအတွက်ပြင်ဆင်ထားသော ထာဝရမီးထဲသို့ သွားကြလော့။ ၄၂ အကြောင်းမူကား ငါသည် ဆာလောင်သောအခါ သင်တို့သည် ငါ့ကိုစားစရာမပေးကြ။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့ကိုသောက်စရာမပေးကြ။ ၄၃ ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြိုဆိုလက်ခံခြင်းမရှိကြ။ ငါသည် အဝတ်မပါအချည်းစည်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုဝတ်စရာမပေးကြ။ ငါသည် နာမကျန်းဖြစ်သောအခါနှင့် ထောင်ကျသောအခါတွင်လည်း သင်တို့သည် ငါ့ကိုမကြည့်ရှုကြ’ဟု မိန့်တော်မူလိမ့်မည်။ ၄၄ ထိုအခါ သူတို့သည်လည်း ‘သခင်ဘုရား၊ အကျွန်ုပ်တို့သည် မည်သည့်အခါတွင် ကိုယ်တော်ဆာလောင်တော်မူသည်ကိုလည်းကောင်း၊ ရေငတ်တော်မူသည်ကိုလည်းကောင်း၊ သူစိမ်းဧည့်သည်ဖြစ်တော်မူသည်ကိုလည်းကောင်း၊ အဝတ်မပါအချည်းစည်းဖြစ်တော်မူသည်ကိုလည်းကောင်း၊ နာမကျန်းဖြစ်တော်မူသည်ကိုလည်းကောင်း၊ ထောင်ကျတော်မူသည်ကိုလည်းကောင်း မြင်၍ ကိုယ်တော်ကိုမလုပ်ကျွေးမပြုစုဘဲနေကြသနည်း’ဟု ပြန်လျှောက်ကြလိမ့်မည်။ ၄၅ မင်းကြီးကလည်း ‘သင်တို့အား ငါအမှန်ဆိုမည်။ ဤအငယ်ဆုံးသောသူတို့ထဲမှ တစ်ဦးတစ်ယောက်အား သင်တို့မပြုခဲ့သမျှသည် ငါ့ကိုမပြုခြင်းဖြစ်၏’ဟု ပြန်၍မိန့်တော်မူလိမ့်မည်။ ၄၆ ထိုအခါ ဤသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့ သွားကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့မူကား ထာဝရအသက်ရှင်ရာသို့ သွားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.