ခေါင်းဆောင်များက လူများကိုသခင်ယေရှုထံညွှန်ပြခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်ယောဟန်ခရစ်ဝင် ၁: ၁၉-၃၇

၁၉ ဂျူး​လူမျိုး​တို့​သည် ယောဟန်​ထံသို့ ယဇ်ပုရောဟိတ်​များ​နှင့်​လေဝိ​အနွယ်ဝင်​များ​ကို ဂျေရုဆလင်​မြို့​မှ​စေလွှတ်​၍ “သင်​သည်​မည်သူ​နည်း”​ဟု မေးမြန်း​စေ​ကြ​သောအခါ ယောဟန်​၏​သက်သေခံ​ချက်​မှာ ဤသို့​ဖြစ်​၏။ ၂၀ ယောဟန်​သည် ထိမ်ဝှက်​ခြင်း​မ​ရှိ​ဘဲ ဝန်ခံ​၍ “ငါ​သည် ခရစ်တော်​မ​ဟုတ်”​ဟု အတိအလင်း​ပြော​လေ​၏။ ၂၁ ထိုအခါ သူ​တို့​က “သို့ဖြစ်လျှင် သင်​သည်​မည်သူ​နည်း။ ဧလိယ​လော”​ဟု မေး​ကြ​သော် ယောဟန်​က “ငါ​သည် ဧလိယ​မ​ဟုတ်”​ဟု ဆို​၏။ “ထို​ပရောဖက်​လော”​ဟု မေး​ကြ​ပြန်​သော် “မ​ဟုတ်”​ဟု ဆို​ပြန်​၏။ ၂၂ ထို​သူ​တို့​က​လည်း “သင်​သည်​မည်သူ​နည်း။ ငါ​တို့​ကို​စေလွှတ်​သော​သူ​တို့​အား ပြန်​၍​ဖြေကြား​နိုင်​ရန် သင့်​အကြောင်း​ကို သင်​မည်သို့​ပြော​မည်နည်း”​ဟု ဆို​ကြ​၏။ ၂၃ ယောဟန်​က “ငါ​သည် ပရောဖက်​ဟေရှာယ​ဟောပြော​ခဲ့​သည့်​အတိုင်း ‘ထာဝရ​ဘုရား​၏​လမ်း​တော်​ကို ဖြောင့်တန်း​စေ​ကြ​လော့’​ဟူ၍ တော​ကန္တာရ​၌​ဟစ်ကြော်​သော​သူ​၏​အသံ​ဖြစ်​၏”​ဟု ဆို​၏။ ၂၄ ထို​သူ​တို့​သည် ဖာရိရှဲ​တို့​ထဲမှ​စေလွှတ်​ခြင်း​ခံရ​သော​သူ​များ​ဖြစ်​ကြ​၏။ ၂၅ တစ်ဖန် သူ​တို့​က “သင်​သည် ခရစ်တော်​မ​ဟုတ်၊ ဧလိယ​လည်း​မ​ဟုတ်၊ ထို​ပရောဖက်​လည်း​မ​ဟုတ်​လျှင် အဘယ်ကြောင့်​ဗတ္တိဇံ​ပေး​သနည်း”​ဟု မေးမြန်း​ကြ​၏။ ၂၆ ယောဟန်​က​လည်း “ငါ​သည် ရေ​၌​ဗတ္တိဇံ​ပေး​၏။ သင်​တို့​အလယ်​၌ သင်​တို့​မ​သိ​သော​အရှင်​တစ်​ပါး​ရပ်​လျက်​ရှိ​၏။ ၂၇ ထို​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​သော​အရှင်​ဖြစ်​၏။ ထို​အရှင်​၏​ခြေနင်း​တော်​ကြိုး​ကို​ဖြေ​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်တန်”​ဟု ပြန်​ပြော​၏။ ၂၈ ဤ​အခြင်းအရာ​တို့​သည် ယောဟန်​ဗတ္တိဇံ​ပေး​နေ​သော ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း၊ ဗေသနိ​ရွာ​တွင်​ဖြစ်ပျက်​ခဲ့​၏။ ၂၉ နောက်တစ်နေ့​၌ ယောဟန်​သည် မိမိ​ထံသို့ ယေရှု​ကြွလာ​တော်မူ​သည်​ကို​မြင်​လျှင် “ကြည့်​လော့။ ဤ​လောက​၏​အပြစ်​ကို​ယူဆောင်​သွား​သော ဘုရားသခင်​၏​သိုးသငယ်​တော်​ပေ​တည်း။ ၃၀ ‘ငါ့​ထက်​အလျင်​ဦးစွာ​ရှိ​နှင့်​သည်​ဖြစ်၍ ငါ့​ထက်​ကြီးမြတ်​သော​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​မည်’​ဟု ငါ​ဆို​ခဲ့​သည်​မှာ ထို​အရှင်​၏​အကြောင်း​ပင်​ဖြစ်​သည်။ ၃၁ ငါ​သည်​လည်း အစ​က သူ့​ကို​မ​သိ။ သို့ရာတွင် အစ္စရေး​လူမျိုး​ရှေ့၌ သူ့​ကို​ထင်ရှား​စေရန် ငါ​သည်​လာ​၍ ရေ​၌​ဗတ္တိဇံ​ပေး​လျက်​နေ​သည်”​ဟု ဆို​၏။ ၃၂ တစ်ဖန် ယောဟန်​သည် သက်သေခံ​သည်​ကား “ဝိညာဉ်​တော်​သည် ချိုးငှက်​ကဲ့သို့ ကောင်းကင်​မှ​ဆင်းသက်​၍ သူ့​အပေါ်၌​တည်​တော်မူ​သည်​ကို ငါ​မြင်​ရ​ပြီ။ ၃၃ ငါ​သည်​လည်း အစ​က သူ့​ကို​မ​သိ။ သို့ရာတွင် ရေ​၌​ဗတ္တိဇံ​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​က ‘တစ်စုံတစ်ဦး​အပေါ်သို့ ဝိညာဉ်​တော်​ဆင်းသက်​၍ သူ့​အပေါ်၌​တည်​တော်မူ​သည်​ကို သင်​မြင်​လျှင် ထို​သူ​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ ဗတ္တိဇံ​ပေး​သော​သူ​ဖြစ်​၏’​ဟု ငါ့​အား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ၃၄ ငါ​မြင်​ရ​သဖြင့် ဤ​သူ​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း​ကို ငါ​သက်သေခံ​သည်”​ဟု ဆို​လေ​၏။ ၃၅ နောက်တစ်နေ့​၌ ယောဟန်​သည် တစ်ဖန် မိမိ​၏​တပည့်​နှစ်​ဦး​တို့​နှင့်အတူ ရပ်​နေ​စဉ် ၃၆ ယေရှု​ကြွ​တော်မူ​သည်​ကို​မြင်​၍ “ကြည့်​လော့။ ဘုရားသခင်​၏​သိုးသငယ်​တော်​ပေ​တည်း”​ဟု ဆို​၏။ ၃၇ ထိုသို့ ယောဟန်​ပြောဆို​သည်​ကို တပည့်​နှစ်​ဦး​တို့​သည်​ကြား​လျှင် ယေရှု​နောက်​တော်​သို့​လိုက်​သွား​ကြ​၏။

ရှင်ယောဟန်ခရစ်ဝင် ၃: ၂၆-၃၀

၂၆ သူ​တို့​သည် ယောဟန်​ထံသို့​လာ​၍ “ရဗ္ဗိ၊ ကြည့်​ပါ။ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၌ ရဗ္ဗိ​နှင့်အတူ​ရှိ​၍ ရဗ္ဗိ​က သက်သေခံ​ပေး​ခဲ့​သူ​သည် ဗတ္တိဇံ​ပေး​လျက်​နေ​သဖြင့် လူ​အပေါင်း​တို့​သည် သူ့​ထံသို့​သွား​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။ ၂၇ ယောဟန်​က “ကောင်းကင်​မှ​ပေး​တော်​မ​မူ​လျှင် လူ​သည် မည်သည့်​အရာ​ကို​မျှ​မ​ရ​နိုင်။ ၂၈ ‘ငါ​သည် ခရစ်တော်​မ​ဟုတ်။ သူ့​ရှေ့၌​စေလွှတ်​ခြင်း​ခံရ​သူ​သာ​ဖြစ်​သည်’​ဟု ငါ​ပြော​ခဲ့​ကြောင်း သင်​တို့​ကိုယ်တိုင် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​၏။ ၂၉ သတို့သမီး​ကို​ရ​သော​သူ​သည် သတို့သား​ဖြစ်​၏။ သတို့သား​၏​အသံ​ကို ရပ်​လျက်​နားထောင်​နေ​သော သတို့သား​၏​မိတ်ဆွေ​မူကား သတို့သား​၏​အသံ​ကြောင့် ဝမ်းမြောက်​ဝမ်းသာ​ဖြစ်​၏။ သို့ဖြစ်၍ ငါ​သည်​လည်း ထို​ဝမ်းမြောက်​ခြင်း​နှင့် ပြည့်ဝ​လျက်​ရှိ​၏။ ၃၀ ထို​အရှင်​သည် တိုးပွား​ရ​မည်။ ငါ​မူကား ဆုတ်ယုတ်​ရ​မည်”​ဟု ပြန်ပြော​လေ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ ခေါင်းဆောင်တွေဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00