၁၃ သင်တို့သည် ကမ္ဘာမြေ၏ဆားဖြစ်ကြ၏။ သို့သော် ဆားသည် အငန်ဓာတ်ကင်းမဲ့သွားလျှင် ၎င်းကို မည်ကဲ့သို့ပြန်၍ငန်စေမည်နည်း။ မည်သည့်အရာအတွက်မျှ အသုံးမဝင်တော့သဖြင့် အပြင်သို့ပစ်လိုက်၍ လူတို့၏နင်းချေခြင်းခံရရုံသာရှိပေတော့မည်။ ၁၄ သင်တို့သည် လောက၏အလင်းဖြစ်ကြ၏။ တောင်ပေါ်၌တည်ရှိသောမြို့ကို ကွယ်ဝှက်၍မရနိုင်။ ၁၅ ဆီမီးကိုထွန်း၍ တောင်းအောက်၌ထားလေ့မရှိ။ ဆီမီးခုံပေါ်၌သာ ထားကြသဖြင့် ၎င်းသည် အိမ်၌ရှိသောသူအပေါင်းတို့ကို ထွန်းလင်းပေး၏။ ၁၆ ထိုနည်းတူ လူတို့သည် သင်တို့၏ကောင်းသောအကျင့်များကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖ၏ဘုန်းတော်ကိုချီးမွမ်းကြမည့်အကြောင်း သင်တို့၏အလင်းကို သူတို့ရှေ့၌ထွန်းလင်းစေကြလော့။ ၁၇ ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများကို ပယ်ဖျက်ရန် ငါလာသည်ဟု မထင်ကြနှင့်။ ပယ်ဖျက်ရန်မဟုတ်ဘဲ ပြည့်စုံစေရန်သာ ငါလာ၏။ ၁၈ သင်တို့အား ငါအမှန်ဆိုသည်ကား ကောင်းကင်နှင့်မြေကြီးမကွယ်ပျောက်မီတိုင်အောင်၊ အရာအားလုံးမပြည့်စုံမချင်း ပညတ်တရားကျမ်းထဲမှ အသေးဆုံးအက္ခရာ၊ သို့မဟုတ် ဗိန္ဒုတစ်လုံးမျှကွယ်ပျောက်လိမ့်မည်မဟုတ်။ ၁၉ ထို့ကြောင့် ဤပညတ်ချက်များထဲမှ အသေးငယ်ဆုံးတစ်ခုကိုဖောက်ဖျက်၍ သူတစ်ပါးကိုလည်း ထိုနည်းတူသွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူဟု အခေါ်ခံရလိမ့်မည်။ သို့သော် ၎င်းကိုကျင့်သုံး၍ သွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးမြတ်သောသူဟု အခေါ်ခံရလိမ့်မည်။ ၂၀ အမှန်စင်စစ် သင်တို့၏ဖြောင့်မတ်ခြင်းသည် ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့ထက်မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်ဟု သင်တို့အား ငါဆို၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.