၁၈ အကြောင်းမူကား လက်ဝါးကပ်တိုင်တော်နှင့်ဆိုင်သောသတင်းစကားသည် ပျက်စီးခြင်းသို့ရောက်သောသူတို့အတွက် မိုက်မဲသောအရာဖြစ်သော်လည်း ကယ်တင်ခြင်းခံရသောငါတို့အတွက်မူကား ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။ ၁၉ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ငါသည် ပညာရှိတို့၏ဉာဏ်ပညာကို ဖျက်ဆီးမည်။ ဉာဏ်ထက်မြက်သောသူတို့၏ဉာဏ်စွမ်းကိုလည်း ငါပစ်ပယ်မည်”ဟု ရေးထား၏။ ၂၀ ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ဤလောကရှိ ဝေဖန်ရေးသမားကား အဘယ်မှာရှိသနည်း။ ဘုရားသခင်သည် လောကီဉာဏ်ပညာကို မိုက်မဲစေတော်မူသည်မဟုတ်လော။ ၂၁ အကြောင်းမူကား ဘုရားသခင်၏ဉာဏ်ပညာအရ ဤလောကသည် မိမိ၏ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကိုမသိခဲ့သောကြောင့် ဘုရားသခင်သည် ဟောပြောခြင်းအမှု၏မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူတို့ကိုကယ်တင်ရန် အလိုရှိတော်မူ၏။ ၂၂ ဂျူးလူမျိုးတို့သည် နိမိတ်လက္ခဏာများကိုတောင်းတတ်ကြ၏။ ဂရိလူမျိုးတို့သည် ဉာဏ်ပညာကိုရှာဖွေတတ်ကြ၏။ ၂၃ ငါတို့မူကား လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည် ဂျူးလူမျိုးတို့အတွက် မှားယွင်းစရာအကြောင်းဖြစ်ပြီး လူမျိုးခြားတို့အတွက် မိုက်မဲသောအရာဖြစ်၏။ ၂၄ သို့သော် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ ခေါ်ယူတော်မူခြင်းခံရသောသူတို့အတွက် ခရစ်တော်သည် ဘုရားသခင်၏တန်ခိုးတော်နှင့် ဘုရားသခင်၏ဉာဏ်ပညာတော်ဖြစ်၏။ ၂၅ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏မိုက်မဲခြင်းသည် လူတို့၏ပညာရှိခြင်းထက် ပညာရှိ၏။ ဘုရားသခင်၏အားနည်းခြင်းသည် လူတို့ထက် ခွန်အားကြီး၏။ ၂၆ ညီအစ်ကိုတို့၊ သင်တို့ခေါ်ယူတော်မူခြင်းခံရစဉ်ကအကြောင်းကို ဆင်ခြင်ကြလော့။ လူ့အမြင်အရ သင်တို့တွင် ပညာရှိများစွာမပါ။ အစွမ်းထက်သောသူများစွာမပါ။ မြင့်မြတ်သောသူများစွာမပါ။ ၂၇ သို့သော် ဘုရားသခင်သည် ပညာရှိတို့ကိုအရှက်ရစေရန် လောကရှိ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ ခွန်အားကြီးသောသူတို့ကိုအရှက်ရစေရန် လောကရှိ အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏။ ၂၈ ထို့ပြင် အရေးပါသောသူတို့ကိုပယ်ဖျက်ရန် အရေးမပါသောသူများဖြစ်ကြသည့် လောကရှိ အဆင့်အတန်းနိမ့်သောသူများနှင့် မထီမဲ့မြင်ပြုခြင်းခံရသောသူများကို ဘုရားသခင်ရွေးကောက်တော်မူ၏။ ၂၉ ထို့ကြောင့် ဘုရားသခင်ရှေ့တော်၌ မည်သူမျှ ဝါကြွားစရာအကြောင်းမရှိ။ ၃၀ သင်တို့သည် ဘုရားသခင်အားဖြင့် ခရစ်တော်ယေရှု၌တည်နေကြ၏။ ခရစ်တော်သည် ငါတို့အတွက် ဘုရားသခင်ထံမှလာသော ဉာဏ်ပညာဖြစ်တော်မူပြီး ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းနှင့် ရွေးနုတ်ခြင်းဖြစ်တော်မူ၏။ ၃၁ သို့ဖြစ်၍ ကျမ်းစာ၌ရေးထားသည်နှင့်အညီ “ဝါကြွားသောသူသည် ထာဝရဘုရား၌သာ ဝါကြွားစေ။”
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.