ခေါင်းဆောင်များသည် ဘဏ္ဍာစိုးကောင်းများဖြစ်ခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်မဿဲခရစ်ဝင် ၂၅: ၁၄-၃၀

၁၄ ဤ​သည်​ကား ခရီးထွက်​မည့်​လူ​တစ်​ဦး​သည် မိမိ​၏​အစေအပါး​တို့​ကို​ခေါ်​၍ သူ​၏​ဥစ္စာ​ပစ္စည်း​များ​ကို သူ​တို့​အား​အပ်နှင်း​ခဲ့​သည်​နှင့်​တူ​၏။ ၁၅ သူ​သည် အစေအပါး​အသီးသီး​တို့​အား သူ​တို့​၏​အရည်အချင်း​နှင့်အညီ တစ်​ဦး​ကို​ငါး​တာလန်၊ အခြား​တစ်​ဦး​ကို​နှစ်​တာလန်​နှင့် နောက်​တစ်​ဦး​ကို​တစ်​တာလန် စသည်​ဖြင့် ပေးအပ်​ပြီးလျှင် ခရီးထွက်​လေ​၏။ ၁၆ ငါး​တာလန်​ရ​သော​သူ​သည် ချက်ချင်း​သွား​၍ ထို​ငွေ​များ​ဖြင့်​ကုန်သွယ်​လျက် နောက်ထပ် ငါး​တာလန်​အမြတ်​ရ​လေ​၏။ ၁၇ ထိုနည်းတူ နှစ်​တာလန်​ရ​သော​သူ​သည်​လည်း နောက်ထပ် နှစ်​တာလန်​အမြတ်​ရ​လေ​၏။ ၁၈ တစ်​တာလန်​ရ​သော​သူ​မူကား သွား​၍ မြေ​၌​တွင်းတူး​ကာ မိမိ​သခင်​၏​ငွေ​ကို ဝှက်​ထား​လေ​၏။ ၁၉ ကာလ​အတန်ကြာ​ပြီးနောက် ထို​အစေအပါး​တို့​၏​သခင်​သည် ပြန်လာ​၍ သူ​တို့​နှင့်​စာရင်း​ရှင်း​လေ​၏။ ၂၀ ထိုအခါ ငါး​တာလန်​ရ​သော​သူ​သည် ချဉ်းကပ်​၍ နောက်ထပ် ငါး​တာလန်​ကို​ဆက်သ​ကာ ‘သခင်၊ သခင်​သည် အကျွန်ုပ်​အား ငါး​တာလန်​အပ်နှင်း​ခဲ့​ပါ​သည်။ ကြည့်​ပါ။ အကျွန်ုပ်​သည် နောက်ထပ် ငါး​တာလန်​အမြတ်​ရ​ပါ​ပြီ’​ဟု လျှောက်​လေ​၏။ ၂၁ သူ​၏​သခင်​က​လည်း ‘ကောင်းလေစွ။ သစ္စာရှိ​သော​အစေအပါး​ကောင်း၊ သင်​သည် အနည်းငယ်​သော​အရာ​၌ သစ္စာရှိ​၏။ များစွာ​သော​အရာ​တို့​ကို သင့်​အား​ကြီးကြပ်​စောင့်ရှောက်​စေ​မည်။ သင့်​သခင်​၏​ဝမ်းမြောက်​ခြင်း​၌ ပါဝင်​ဆင်နွှဲ​လော့’​ဟု ဆို​လေ​၏။ ၂၂ နှစ်​တာလန်​ရ​သော​သူ​သည်​လည်း ချဉ်းကပ်​၍ ‘သခင်၊ သခင်​သည် အကျွန်ုပ်​အား နှစ်​တာလန်​အပ်နှင်း​ခဲ့​ပါ​သည်။ ကြည့်​ပါ။ အကျွန်ုပ်​သည် နောက်ထပ် နှစ်​တာလန်​အမြတ်​ရ​ပါ​ပြီ’​ဟု လျှောက်​လေ​၏။ ၂၃ သူ​၏​သခင်​က​လည်း ‘ကောင်းလေစွ။ သစ္စာရှိ​သော​အစေအပါး​ကောင်း၊ သင်​သည် အနည်းငယ်​သော​အရာ​၌ သစ္စာရှိ​၏။ များစွာ​သော​အရာ​တို့​ကို သင့်​အား ကြီးကြပ်​စောင့်ရှောက်​စေ​မည်။ သင့်​သခင်​၏​ဝမ်းမြောက်​ခြင်း​၌ ပါဝင်​ဆင်နွှဲ​လော့’​ဟု ဆို​လေ​၏။ ၂၄ တစ်​တာလန်​ရ​သော​သူ​သည်​လည်း ချဉ်းကပ်​၍ ‘သခင်၊ သခင်​သည် မိမိ​မ​စိုက်ပျိုး​သည့်​နေရာ​မှ​ရိတ်သိမ်း​ပြီး မိမိ​မ​ကြဲဖြန့်​သည့်​နေရာ​မှ​စုသိမ်း​တတ်​သည့် ခက်ထန်​သော​သူ​ဖြစ်​ကြောင်း အကျွန်ုပ်​သိ​ပါ​သည်။ ၂၅ ထို့ကြောင့် အကျွန်ုပ်​သည် ကြောက်​သဖြင့် သွား​၍ သခင်​၏​ငွေ​ကို မြေ​၌​ဝှက်​ထား​ပါ​သည်။ ကြည့်​ပါ။ သခင်​၏​ဥစ္စာ​ရှိ​ပါ​သည်’​ဟု လျှောက်​လေ​၏။ ၂၆ သူ​၏​သခင်​က​လည်း ‘ဆိုးညစ်​၍ ပျင်းရိ​သော​အစေအပါး၊ ငါ​သည် မ​စိုက်ပျိုး​သည့်​နေရာ​မှ​ရိတ်သိမ်း​ပြီး မ​ကြဲဖြန့်​သည့်​နေရာ​မှ​စုသိမ်း​တတ်​ကြောင်း သင်​သိ​သည်​မှန်​လျှင် ၂၇ ငါ​၏​ငွေ​ကို ငွေတိုး​ပေး​သူ​လက်​၌ အပ်​ထား​သင့်​၏။ သို့ပြုလျှင် ငါ​ပြန်လာ​သောအခါ ငါ​၏​ငွေ​ကို အတိုး​နှင့်တကွ​ရရှိ​ခဲ့​ပေ​လိမ့်မည်။ ၂၈ ထို့ကြောင့် တစ်​တာလန်​ကို သူ့​ထံမှ​ယူ​၍ ဆယ်​တာလန်​ရှိ​သော​သူ​အား ပေး​ကြ​လော့။ ၂၉ အကြောင်းမူကား ရှိ​သော​သူ​တိုင်း​အား ထပ်၍​ပေး​သဖြင့် သူ​တို့​သည် ကြွယ်ဝ​ပြည့်စုံ​လိမ့်မည်။ မ​ရှိ​သော​သူ​ထံမှ​မူကား သူ​၌​ရှိ​သော​အရာ​ကိုပင် သိမ်းယူ​လိမ့်မည်။ ၃၀ အကျိုးမပြု​သော ဤ​အစေအပါး​ကို​ကား အပြင်​ဘက်​အမှောင်​ထဲသို့ နှင်ထုတ်​ကြ​လော့။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်’​ဟု ဆို​လေ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ ခေါင်းဆောင်တွေဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00