ခေါင်းဆောင်များသည် တခါတရံမှားတတ်သော်လည်း ဆက်ပြီးအစေခံနိုင်ခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

ရှင်လုကာခရစ်ဝင် ၂၂: ၅၄-၆၂

၅၄ ထို့နောက် သူ​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​၍ ဆွဲခေါ်​သွား​ကာ ယဇ်ပုရောဟိတ်​မင်း​၏​အိမ်​သို့ ခေါ်ဆောင်​လာ​ကြ​၏။ ပေတရု​မူကား မလှမ်းမကမ်း​မှ​လိုက်​သွား​လေ​၏။ ၅၅ သူ​တို့​သည် ခြံဝင်း​အလယ်​တွင် မီး​ဖို​၍ စုဝေး​လျက်​ထိုင်​နေ​ကြ​သဖြင့် ပေတရု​သည်​လည်း သူ​တို့​အကြား​၌​ထိုင်​လေ​၏။ ၅၆ ထိုအခါ အစေခံ​မိန်းမ​တစ်​ဦး​သည် မီးဖို​၏​အလင်း​၌​ထိုင်​နေ​သော ပေတရု​ကို​မြင်​၍ သူ့​ကို​စေ့စေ့​ကြည့်​လျက် “ဤ​သူ​သည်​လည်း ထို​သူ​၏​အပေါင်းအဖော်​ဖြစ်​သည်”​ဟု ဆို​လေ​၏။ ၅၇ သို့သော် ပေတရု​က “အချင်း​မိန်းမ၊ ထို​သူ​ကို​ငါ​မ​သိ”​ဟု ငြင်း​ဆို​လေ​၏။ ၅၈ ထို့နောက် ခဏ​ကြာ​သော် အခြား​သော​သူ​တစ်​ဦး​သည် ပေတရု​ကို​မြင်​၍ “သင်​သည်​လည်း သူ​တို့​ထဲက​တစ်​ယောက်​ဖြစ်​သည်”​ဟု ဆို​၏။ သို့သော် ပေတရု​က “အချင်း​လူ၊ ငါ​သည် သူ​တို့​ထဲက​မ​ဟုတ်”​ဟု ဆို​လေ​၏။ ၅၉ တစ်ဖန် တစ်​နာရီ​ခန့်​ကြာ​သော် အခြား​သော​သူ​တစ်​ဦး​က “အမှန်စင်စစ် ဤ​သူ​သည်​လည်း ထို​သူ​နှင့်အတူ​ရှိ​ခဲ့​သည်။ အကြောင်းမူကား သူ​သည်​လည်း ဂါလိလဲ​နယ်သား​ဖြစ်​သည်”​ဟု အခိုင်အမာ​ပြောဆို​၏။ ၆၀ သို့သော် ပေတရု​က “အချင်း​လူ၊ သင်​ပြော​နေ​သည့်​အရာ​ကို ငါ​မ​သိ”​ဟု ဆို​၏။ ထိုသို့ သူ​ပြော​နေ​သည့်​အချိန်​၌​ပင် ကြက်​တွန်​လေ​၏။ ၆၁ ထိုအခါ သခင်​ဘုရား​သည်​လှည့်​၍ ပေတရု​ကို​စူးစိုက်​ကြည့်​တော်မူ​၏။ ပေတရု​သည်​လည်း“ယနေ့​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်”​ဟု မိန့်​တော်မူ​ခဲ့​သော သခင်​ဘုရား​၏​စကား​တော်​ကို ပြန်လည်​သတိရ​သဖြင့် ၆၂ အပြင်​သို့​ထွက်သွား​၍ သည်းထန်​စွာ​ငိုကြွေး​လေ​၏။

ရှင်ယောဟန်ခရစ်ဝင် ၂၁: ၁၃-၁၇

၁၃ ယေရှု​သည်​လာ​၍ မုန့်​ကို​ယူ​ပြီးလျှင် သူ​တို့​အား​ပေး​တော်မူ​၏။ ငါး​ကို​လည်း ထိုနည်းတူ​ပေး​တော်မူ​၏။ ၁၄ ဤသည်ကား ယေရှု​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​ပြီးနောက် တပည့်​တော်​တို့​အား တတိယ​အကြိမ် ကိုယ်​ထင်ရှား​ပြ​တော်မူ​ခြင်း​ဖြစ်​၏။ ၁၅ ထိုသို့ နံနက်စာ​ကို သူ​တို့​စား​ကြ​ပြီး​သောအခါ ယေရှု​က ရှိမုန်​ပေတရု​အား“ယောဟန်​၏​သား​ရှိမုန်၊ ဤ​သူ​တို့​ငါ့​ကို​ချစ်​သည်​ထက် သင်​သည် ငါ့​ကို​ပို၍​ချစ်​သလော”​ဟု မေး​တော်မူ​၏။ ပေတရု​က “ဟုတ်​ပါ​၏ သခင်​ဘုရား၊ ကိုယ်တော်​ကို အကျွန်ုပ်​ချစ်ခင်​ကြောင်း ကိုယ်တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“ငါ​၏​သိုးသငယ်​တို့​ကို ကျွေးမွေး​လော့”​ဟု မိန့်​တော်မူ​၏။ ၁၆ တစ်ဖန်“ယောဟန်​၏​သား​ရှိမုန်၊ သင်​သည် ငါ့​ကို​ချစ်​သလော”​ဟု ဒုတိယ​အကြိမ်​မေး​တော်မူ​၏။ ပေတရု​က “ဟုတ်​ပါ​၏ သခင်​ဘုရား၊ ကိုယ်တော်​ကို အကျွန်ုပ်​ချစ်ခင်​ကြောင်း ကိုယ်တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“ငါ​၏​သိုး​တို့​ကို အုပ်ထိန်း​လော့”​ဟု မိန့်​တော်မူ​၏။ ၁၇ တတိယ​အကြိမ်​၌ ကိုယ်တော်​က“ယောဟန်​၏​သား​ရှိမုန်၊ သင်​သည် ငါ့​ကို​ချစ်ခင်​သလော”​ဟု မေး​တော်မူ​၏။ ကိုယ်တော်​က တတိယ​အကြိမ်​၌“သင်​သည် ငါ့​ကို​ချစ်ခင်​သလော”​ဟု မေး​တော်မူ​သောကြောင့် ပေတရု​သည် စိတ်မကောင်း​ဖြစ်​၍ “သခင်​ဘုရား၊ ကိုယ်တော်​သည် အရာ​ခပ်သိမ်း​တို့​ကို​သိ​ပါ​၏။ ကိုယ်တော်​ကို အကျွန်ုပ်​ချစ်ခင်​ကြောင်း ကိုယ်တော်​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ငါ​၏​သိုး​တို့​ကို ကျွေးမွေး​လော့။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ ခေါင်းဆောင်တွေဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00