ခေါင်းဆောင်များ သတိပေးခြင်းနှင့်အားပေးခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

တိမောသေဩဝါဒစာပထမစောင် ၄: ၁-၁၆

၁ သို့သော် နောင်​လာ​မည့်​အချိန်​ကာလ​များ​၌ လူ​အချို့​တို့​သည် လှည့်ဖြား​သော​ဝိညာဉ်​များ​နှင့် နတ်ဆိုး​တို့​၏​သွန်သင်​ချက်​များ​ကို အာရုံစိုက်​လျက် ယုံကြည်​ခြင်း​ကို​စွန့်ခွာ​ကြ​လိမ့်မည်​ဟု ဝိညာဉ်​တော်​သည် အတိအလင်း​မိန့်​တော်မူ​၏။ ၂ ထို​သွန်သင်ချက်​များ​သည် မိမိ​တို့​အသိစိတ်​ကို သံပူ​တံဆိပ်​ခတ်​ထား​ခြင်း​ခံရ​သည့် လိမ်လည်​သော​သူ​တို့​၏​သူတော်ကောင်း​ယောင်ဆောင်​မှု​အားဖြင့်​ဖြစ်​၏။ ၃ သူ​တို့​သည် အိမ်ထောင်ပြု​ခြင်း​ကို​တားမြစ်​ကြ​၍ ယုံကြည်​သူ​နှင့်​သမ္မာတရား​ကို​သိ​သော​သူ​တို့​သည် ကျေးဇူး​တော်​ချီးမွမ်း​လျက်​သုံးဆောင်​ရန်​အတွက် ဘုရားသခင်​ဖန်ဆင်း​ထား​သော​အစားအစာ​များ​ကို ရှောင်ကြဉ်​စေ​ကြ​လိမ့်မည်။ ၄ အမှန်စင်စစ် ဘုရားသခင်​ဖန်ဆင်း​တော်မူ​သော​အရာ​ရှိသမျှ​သည် ကောင်း​သည်​ဖြစ်၍ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ဖြင့်​ခံယူ​လျှင် ပစ်ပယ်​ရ​မည့်​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ ၅ အကြောင်းမူကား ထို​အရာ​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့်​လည်းကောင်း၊ ဆုတောင်း​ခြင်း​အားဖြင့်​လည်းကောင်း သန့်ရှင်း​စေ​ခြင်း​ကို​ခံရ​ကြ​၏။ ၆ ဤ​အကြောင်းအရာ​များ​ကို ညီအစ်ကို​တို့​အား​ညွှန်ပြ​လျှင် သင်​သည် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​တရား​စကား​နှင့် သင်​လိုက်လျှောက်​သည့် ကောင်း​သော​သွန်သင်​ချက်​၏​တရား​စကား​တို့​ဖြင့် ပြုစု​ပျိုးထောင်​ခြင်း​ကို​ခံရ​လျက် ခရစ်တော်​ယေရှု​၏​ကောင်း​သော​အစေခံ​ဖြစ်​လိမ့်မည်။ ၇ သို့သော် ဘုရား​တရား​နှင့်​မ​ဆိုင်​သည့် အနှစ်သာရ​ကင်းမဲ့​သော ဒဏ္ဍာရီ​များ​ကို​ရှောင်ရှား​၍ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​အတွက် သင့်ကိုယ်သင်​လေ့ကျင့်​ပေး​လော့။ ၈ အကြောင်းမူကား ကိုယ်ခန္ဓာ​နှင့်ဆိုင်သော​လေ့ကျင့်​မှု​သည် အနည်း​အကျဉ်း​အကျိုး​ရှိ​သော်လည်း ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​မူကား ယခု​ဘဝ၊ နောင်​ဘဝ​နှင့်ဆိုင်သော ကတိ​တော်​ပါ​ရှိ​သည်​ဖြစ်၍ အလုံးစုံ​တို့​အတွက် အကျိုး​ရှိ​၏။ ၉ ဤ​စကား​သည် သစ္စာ​စကား​ဖြစ်​ပြီး အပြည့်အဝ​လက်ခံ​ထိုက်​သော​စကား​ဖြစ်​၏။ ၁၀ ထို့ကြောင့် ငါ​တို့​သည် ထို​အကျိုး​အတွက် အားထုတ်​လုပ်ဆောင်​၍ ကြိုးစား​ကြ​၏။ အကြောင်းမူကား လူ​အပေါင်း​တို့​၏​ကယ်တင်ရှင်​၊ အထူးသဖြင့် ယုံကြည်​သူ​တို့​၏​ကယ်တင်ရှင်​ဖြစ်​သော အသက်ရှင်​တော်မူ​သည့်​ဘုရားသခင်​ကို ငါ​တို့​မျှော်လင့်​အားထား​ကြ​၏။ ၁၁ ဤ​အရာ​တို့​ကို ညွှန်ကြား​လျက် သွန်သင်​လော့။ ၁၂ သင်​၏​အသက်အရွယ်​နုပျို​ခြင်း​ကို မည်သူမျှ​မထီမဲ့မြင်​မ​ပြု​စေ​နှင့်။ အပြောအဆို​၌​လည်းကောင်း၊ အသက်ရှင်​နေထိုင်​မှု​၌​လည်းကောင်း၊ ချစ်​ခြင်း​မေတ္တာ​၌​လည်းကောင်း၊ ယုံကြည်​ခြင်း​၌​လည်းကောင်း၊ ဖြူစင်​သန့်ရှင်း​ခြင်း​၌​လည်းကောင်း ယုံကြည်​သော​သူ​တို့​အတွက် စံနမူနာ​ဖြစ်​လော့။ ၁၃ ငါ​လာ​သည့်​တိုင်အောင် ကျမ်းစာ​ဖတ်ကြား​ခြင်း၊ တိုက်တွန်း​အားပေး​ခြင်း​နှင့် သွန်သင်​ခြင်း​တို့​ကို ဂရုစိုက်​လုပ်ဆောင်​လော့။ ၁၄ အသင်းတော်​အကြီးအကဲ​များ​၏​လက်​တင်​ခြင်း​နှင့်တကွ ပရောဖက်ပြု​ဟောပြော​ခြင်း​အားဖြင့် သင့်​အပေါ်​ပေးအပ်​ထား​၍ သင်​၌​ရှိ​သည့်​ဆု​ကျေးဇူး​ကို လျစ်လျူ​မ​ရှု​နှင့်။ ၁၅ သင်​၏​တိုးတက်​မှု​သည် လူ​အပေါင်း​တို့​ရှေ့၌​ထင်ရှား​ရန် ထို​အမှုအရာ​များ​ကို ကြိုးစား​အားထုတ်​၍ ၎င်း​တို့​၌ မိမိ​ကိုယ်​ကို​နှစ်မြှုပ်​ထား​လော့။ ၁၆ သင့်ကိုယ်သင်​သော်လည်းကောင်း၊ သင်​၏​သွန်သင်​ချက်​ကို​သော်လည်းကောင်း ဂရုစိုက်​၍ ထို​သွန်သင်ချက်​တို့​၌ အမြဲ​တည်​နေ​လော့။ အကြောင်းမူကား သင်​သည် ထိုသို့​ပြု​ခြင်း​ဖြင့် သင့်ကိုယ်သင်​နှင့် သင့်​ကို​နားထောင်​သော​သူ​တို့​ကို ကယ်တင်​လိမ့်မည်။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ ခေါင်းဆောင်တွေဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00