ခေါင်းဆောင်များ မတူညီသောဓလေ့ထုံတမ်းများကြားတွင် ပြောဆိုဆက်ဆံခြင်း။

မိတ်သဟာယဖွဲ့ခြင်း

ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြကတည်းက ကိုယ့်မှာဖြစ်ပျက်နေခဲ့တဲ့အကြောင်းအရာတွေပေါ်အခြေခံပြီး ကိုယ်ကျေးဇူးတင်မိတဲ့အရာတစ်ခုခုက ဘာဖြစ်မလဲ။
ဒီအပတ်မှာ ဘယ်အရာက ကိုယ့်ကိုစိတ်ဖိစီးစေသလဲ။ ပြီးတော့ ပိုကောင်းလာစေဖို့လိုအပ်တဲ့အရာက ဘာတွေလဲ။
ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာရှိတဲ့ သခင်ယေရှုကိုမသိသေးတဲ့သူတွေရဲ့လိုအပ်ချက်က ဘာတွေလဲ။ ပြီးတော့ အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်းဘယ်လိုကူညီနိုင်မလဲ။
ကျွန်တော်တို့နောက်ဆုံးတခေါက်ဆုံကြတုန်းက ဘာအကြောင်းပြောခဲ့ကြတာလဲ။ ဘုရားသခင်နဲ့လူတွေရဲ့အကြောင်းကို ဘာတွေသင်ယူခဲ့ရလဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့တုန်းက ကိုယ်သင်ယူခဲ့တဲ့အရာကို လက်တွေ့ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့တယ်နော်။ ဘာတွေလုပ်ဖြစ်လဲ၊ ဘယ်လိုအခြေအနေရှိလဲ။
နောက်ဆုံးပြောခဲ့ကြတဲ့အကြောင်းအရာထဲက တစ်ခုခုအကြောင်း ဘယ်သူ့ကိုပြောပြဖြစ်လဲ။ သူတို့ဘယ်လိုတုံ့ပြန်လဲ။
ကျွန်တော်တို့နောက်ဆုံးဆုံခဲ့ကြတုန်းက လိုအပ်ချက်တွေအမျိုးမျိုးကို ထုတ်ဖော်ခဲ့ပြီး အဲ့ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အစီအစဥ်တွေလုပ်ခဲ့တယ်နော်။ အဲ့ဒါဘယ်လိုအခြေအနေရှိလဲ။
ဒီနေ့အတွက်ဘုရားသခင်ဆီက အကြောင်းအရာအသစ်တစ်ခုကို အခုဖတ်ကြည့်ရအောင်။

တမန်တော်ဝတ္ထု ၁၇: ၁၆-၃၄

၁၆ ပေါလု​သည် အေသင်​မြို့​၌ သူ​တို့​ကို​စောင့်​နေ​စဉ် ထို​မြို့​သည် ရုပ်တု​များ​နှင့်​ပြည့်​နေ​သည်​ကို​မြင်​၍ မိမိ​စိတ်​တွင် မခံမရပ်နိုင်​ဖြစ်​ရ​လေ​၏။ ၁၇ ထို့ကြောင့် သူ​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် ဂျူး​လူမျိုး​မှစ၍ ဘုရားသခင်​ကို​ကိုးကွယ်​သော​သူ​တို့​နှင့် ဆွေးနွေး​ပြောဆို​လျက် ဈေး​အရပ်​တွင်​လည်း ထို​အရပ်​၌​ရှိ​သော​သူ​တို့​နှင့် နေ့စဉ်​နေ့တိုင်း ဆွေးနွေး​ပြောဆို​၏။ ၁၈ ဧပိကုရု​၏​တပည့်​များ​နှင့် သတောအိပ်​အတွေးအခေါ်​ပညာရှင်​အချို့​တို့​သည်​လည်း ပေါလု​နှင့်​ဆွေးနွေး​ကြ​၏။ အချို့​က “ဤ​စကားအိုး​သည် မည်သည့်​အရာ​ကို ပြောဆို​လို​သနည်း”​ဟု ဆို​ကြ​၏။ အချို့​တို့​က​မူ “သူ​သည် တစ်ပြည်တစ်ရပ်ခြား​၏​နတ်​ဘုရား​များ​အကြောင်း​ကို ဟောပြော​နေ​ဟန်​ရှိ​သည်”​ဟု ဆို​ကြ​၏။ ဤသို့ဆိုခြင်းမှာ ပေါလု​သည် ယေရှု​နှင့် ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​တို့​ကို ဟောပြော​နေ​သောကြောင့်​ဖြစ်​၏။ ၁၉ ထိုအခါ သူ​တို့​သည် ပေါလု​ကို အာရေပါဂု​ရုံး​တော်​သို့ ခေါ်သွား​ပြီးလျှင် “သင်​ဟောပြော​နေ​သော ဤ​အယူဝါဒ​အသစ်​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​ပါရစေ။ ၂၀ အကြောင်းမူကား သင်​သည် ငါ​တို့​အတွက်​အသစ်အဆန်း​ဖြစ်​သော​အရာ​အချို့​တို့​ကို ယူဆောင်​လာ​သည်​ဖြစ်၍ ၎င်း​တို့​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​လို​ပါ​သည်”​ဟု ဆို​ကြ​၏။ ၂၁ အေသင်​မြို့သား​များ​မှစ၍ အလည်အပတ်​ရောက်ရှိ​လာ​သော သူစိမ်း​ဧည့်သည်​အပေါင်း​တို့​သည် အသစ်အဆန်း​ဖြစ်​သော​အရာ​တစ်စုံတစ်ခု​ကို ပြောဆို​ရန်၊ သို့မဟုတ် ကြားနာ​ရန်​အတွက်​သာ အချိန်​ကို​အသုံးချ​တတ်​ကြ​၏။ ၂၂ ထို့ကြောင့် ပေါလု​သည် အာရေပါဂု​ရုံး​တော်​အလယ်​၌​ရပ်​လျက် “အေသင်​မြို့သား​တို့၊ သင်​တို့​သည် အရာရာ​၌ ဘာသာ​တရား​အလွန်​ကိုင်းရှိုင်း​သူ​များ​ဖြစ်​ကြ​သည်​ကို ငါ​မြင်​ရ​၏။ ၂၃ သင်​တို့​ကိုးကွယ်​သော​အရာ​များ​ကို လှည့်လည်​၍​ကြည့်ရှု​စဉ် ‘မ​သိ​သော​ဘုရား​အတွက်’​ဟု ကမ္ပည်းထိုး​ထား​သည့် ယဇ်ပလ္လင်​တစ်​ခု​ကို ငါ​တွေ့​ရ​၏။ ထို့ကြောင့် သင်​တို့​မ​သိ​ဘဲ ဝတ်ပြု​ကိုးကွယ်​နေ​သော ထို​ဘုရား​အကြောင်း​ကို သင်​တို့​အား ငါ​ဟောပြော​ပါ​မည်။ ၂၄ ကမ္ဘာလောက​နှင့် ၎င်း​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို ဖန်ဆင်း​တော်မူ​သော ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီး​၏​အရှင်​သခင်​ဖြစ်​၍ လူ့​လက်​ဖြင့်​တည်ဆောက်​သော​ဗိမာန်​များ​တွင် ကိန်းဝပ်​တော်မူ​သည်​မ​ဟုတ်။ ၂၅ ကိုယ်တော်​သည် အသက်​နှင့်တကွ ထွက်သက်ဝင်သက်​နှင့် အရာ​ခပ်သိမ်း​တို့​ကို လူ​အပေါင်း​တို့​အား ပေး​တော်မူ​သည်​ဖြစ်၍ တစ်စုံတစ်ခု​ကို​လိုအပ်​သည့်​အလား လူ့​လက်​ဖြင့်​ပြုစု​ခြင်း​ကို ခံ​တော်မူ​သည်​မ​ဟုတ်။ ၂၆ ကိုယ်တော်​သည် လူ​တစ်ဦးတည်း​မှ လူမျိုး​အားလုံး​ကို ဖန်ဆင်း​၍ ကမ္ဘာ​မြေ​ပြင်​အနှံ့​တွင်​နေထိုင်​စေ​ကာ အချိန်​ကာလ​များ​နှင့် သူ​တို့​နေထိုင်​ရာ​နယ်နိမိတ်​များ​ကို ကြိုတင်​ချမှတ်​ပေး​တော်မူ​၏။ ၂၇ ဤသို့ပြုခြင်းမှာ လူ​တို့​သည် ဘုရားသခင်​ကို လိုက်စမ်း​၍ တွေ့​လို​တွေ့​ငြား ရှာဖွေ​ကြ​စေရန် အတွက်​ဖြစ်​၏။ အမှန်စင်စစ် ကိုယ်တော်​သည် ငါ​တို့​တစ်စုံတစ်ဦး​နှင့်​မျှ ဝေးကွာ​တော်မူ​သည်​မ​ဟုတ်။ ၂၈ အကြောင်းမူကား သင်​တို့​ထဲမှ ကဗျာ​ဆရာ​အချို့​တို့​က ‘စင်စစ်ဆိုသော် ငါ​တို့​သည်​ကား ကိုယ်တော့်​အမျိုးအနွယ် ဖြစ်​ကြ​ကုန်​၏’​ဟု စပ်ဆို​ထား​သည့်​အတိုင်း ငါ​တို့​သည် ကိုယ်တော်​၌ အသက်ရှင်​လျက်၊ လှုပ်ရှား​လျက်၊ ဖြစ်တည်​လျက် ရှိ​ကြ​၏။ ၂၉ ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​သောကြောင့် ဘုရားသခင်​ကို လူ​၏​အတတ်ပညာ​နှင့်​စဉ်းစား​ဆင်ခြင်​မှု​တို့​ဖြင့် ရွှေ၊ ငွေ၊ ကျောက်​တုံး​တို့​ကို​ထွင်းထု​ပြုလုပ်​ထား​သည့် ရုပ်တု​နှင့်​တူ​သည်​ဟု​မ​ထင်မှတ်​သင့်​ပေ။ ၃၀ ဘုရားသခင်​သည် လူ​တို့​မသိနားမလည်​သည့်​အချိန်​ကာလ​ကို အမှုမထား​ခဲ့​သော်လည်း ယခု​အခါ နေရာ​တိုင်း​ရှိ လူ​အပေါင်း​တို့​အား နောင်တရ​ကြ​ရန် အမိန့်​ပေး​တော်မူ​၏။ ၃၁ အကြောင်းမူကား ဘုရားသခင်​သည် မိမိ​ခန့်အပ်​ထား​သော​အရှင်​အားဖြင့် ကမ္ဘာ​လောက​အား ဖြောင့်မတ်​စွာ​တရား​စီရင်​မည့်​နေ့ရက်​ကို သတ်မှတ်​ထား​တော်မူ​ပြီး ထို​အရှင်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​ခြင်း​အားဖြင့် လူ​အပေါင်း​တို့​အား ခိုင်လုံ​သော​အထောက်အထား​ကို​ပေး​တော်မူ​၏”​ဟု ဆို​လေ​၏။ ၃၂ သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ကြား​ကြ​သောအခါ အချို့​သော​သူ​တို့​သည် ကဲ့ရဲ့​ကြ​၏။ အချို့​သော​သူ​တို့​က​မူ “ဤ​အကြောင်း​နှင့်​ပတ်သက်၍ သင့်​ထံမှ နောက်တစ်ဖန် နားထောင်​ဦး​မည်”​ဟု ဆို​ကြ​၏။ ၃၃ ထိုအခါ ပေါလု​သည် သူ​တို့​ထံမှ ထွက်သွား​လေ​၏။ ၃၄ သို့သော် လူ​အချို့​တို့​သည် ပေါလု​နှင့်​ပေါင်းဖော်​၍ ယုံကြည်​ကြ​၏။ သူ​တို့​ထဲတွင် အာရေပါဂု​ရုံး​တော်​အဖွဲ့ဝင်​တစ်​ဦး​ဖြစ်​သော ဒယောနုသိ​နှင့် ဒမာရိ​အမည်​ရှိ​အမျိုးသမီး​တို့​အပြင် သူ​တို့​နှင့်အတူ​ရှိ​သော အခြား​သူ​များ​ပါ​ကြ​၏။

Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.

အပလီကေးရှင်း

အခုအချိန်မှာ တစ်ယောက်ယောက်ကိုသူတို့နားလည်သလို ဒီကျမ်းပိုဒ်ကအကြောင်းအရာကို ပြန်ပြောခိုင်းကြည့်ရအောင်။ သူတို့ပြောတဲ့အခါ ဒီအကြောင်းတစ်ခါမှာမကြားဖူးသေးတဲ့သူငယ်ချင်းတစ်ယောက်ကို ပြောတဲ့ပုံစံမျိုးပြောရမှာပါ။ သူတို့ပြောတဲ့အထဲမှာ ကျန်ခဲ့တာတွေရှိတာပဲဖြစ်ဖြစ်၊ မတော်တဆအပိုပြောမိတာပဲဖြစ်ဖြစ် ထောက်ပေး၊ ပြောပေးလို့ရပါတယ်။ အဲ့လိုဖြစ်ခဲ့တယ်ဆိုရင် "အဲ့ဒီအကြောင်းက ကျမ်းပိုဒ်ရဲ့ဘယ်နားမှာရှိတာလဲ" လို့ မေးလို့ရပါတယ်။
ဒီအကြောင်းအရာက ကျွန်တော်တို့ကို ဘုရားသခင်ရဲ့ ထူးခြားတဲ့လက္ခဏာတွေနဲ့ ဘုရားသခင်ဘာလုပ်သလဲဆိုတဲ့ဘုရားသခင်ရဲ့အကြောင်း ဘာတွေသင်ပေးသလဲ။
ဒီအကြောင်းအရာကနေ ကျွန်တော်တို့ကိုယ်တိုင်ရဲ့အကြောင်းအပါအဝင် လူတွေရဲ့အကြောင်း ဘာတွေသင်ယူမိသလဲ။
ဒီအကြောင်းအရာကနေ ခေါင်းဆောင်တွေဖြစ်ခြင်းအကြောင်း ဘာတွေသင်ယူရသလဲ။
ဒီအကြောင်းအရာမှာပါတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့တရားကို ဒီအပတ်အတွင်း ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဘယ်လိုလိုက်နာကျင့်သုံးမလဲ။ ကိုယ်ရဲ့လုပ်ဆောင်ချက် ဒါမှမဟုတ် လုပ်ဆောင်မယ့်အရာတိတိကျကျတစ်ခုကို ပြောရမယ်ဆိုရင် ဘာဖြစ်မလဲ။
ကျွန်တော်တို့နောက်တခေါက်မဆုံခင် ဒီအကြောင်းအရာထဲကအမှန်တရားတစ်ခုကို ဘယ်သူ့ကိုပြောပြမလဲ။ ကျွန်တော်တို့ ဒီအပလီကေးရှင်းထဲမှာ သမ္မာတရားကိုလေ့လာသလိုမျိုး စူးစမ်းလေ့လာချင်တဲ့တခြားသူတွေကို သိပါသလား။
ကျွန်တော်တို့ရဲ့တွေ့ဆုံချိန်လေးပြီးတော့မှာမို့လို့ နောက်တခေါက်ကျရင် ဘယ်အချိန်ဆုံကြမလဲ၊ ဘယ်သူက ကျွန်တော်တို့ကို ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးမလဲဆိုတာ ဆုံးဖြတ်ရအောင်။
ကိုယ်လုပ်မယ်လို့ပြောထားတာတွေကို ရေးမှတ်ထားဖို့ ကျွန်တော်တို့တိုက်တွန်းပါတယ်။ ပြီးတော့ နောက်တကြိမ်ပြန်မဆုံခင် ဒီအကြောင်းအရာတွေကို ပြန်ဖတ်ထားစေချင်ပါတယ်။ ဦးဆောင်ပံ့ပိုးပေးမယ့်သူက ကျမ်းပိုဒ်စာသား ဒါမှမဟုတ် အသံဖိုင်မရှိသေးတဲ့သူတွေကို ပို့ပေးပါမယ်။ ကျွန်တော်တို့ လိုက်လျှောက်ကြတဲ့အခါ ဘုရားသခင်ကူညီမစဖို့အတွက် ဆုတောင်းကြရအောင်။

0:00

0:00