၂ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းနှင့် ကြုံတွေ့ရသောအခါ ဝမ်းမြောက်စရာသက်သက်ဖြစ်သည်ဟု မှတ်ယူကြလော့။ ၃ အကြောင်းမူကား သင်တို့၏ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းသည် သည်းခံခြင်းကိုဖြစ်ပေါ်စေကြောင်း သင်တို့သိကြ၏။ ၄ သင်တို့သည် မည်သည့်ချို့တဲ့မှုမျှမရှိဘဲ ရင့်ကျက်၍ပြည့်စုံသောသူဖြစ်ကြမည့်အကြောင်း ထိုသည်းခံခြင်းစုံလင်သည့်တိုင်အောင် ပြုစုကြလော့။ ၅ သင်တို့ထဲတွင် ဉာဏ်ပညာလိုအပ်သောသူရှိလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား ရက်ရောစွာပေးတော်မူသောဘုရားသခင်ထံ တောင်းလျှောက်စေ။ တောင်းလျှင်ရလိမ့်မည်။ ၆ သို့သော် သံသယစိတ်မရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းလျှောက်ရမည်။ အကြောင်းမူကား သံသယစိတ်ရှိသောသူသည် လေတိုက်၍ထကြွလှုပ်ရှားတတ်သော ပင်လယ်လှိုင်းတံပိုးနှင့်တူ၏။ ၇ ထိုသူသည် ထာဝရဘုရားထံတော်မှ တစ်စုံတစ်ခုကိုရလိမ့်မည်ဟု မထင်မှတ်စေနှင့်။ ၈ ထိုသို့သောသူသည် စိတ်နှစ်ခွရှိ၍ မိမိပြုလေသမျှတို့၌ တည်ကြည်မှုမရှိသောသူဖြစ်၏။ ၉ နိမ့်ပါးသည့်အခြေအနေ၌ရှိသောညီအစ်ကိုသည် မိမိချီးမြှောက်ခြင်းခံရသောအခါ ဂုဏ်ယူဝမ်းမြောက်စေ။ ၁၀ ချမ်းသာသောသူသည် မိမိနှိမ့်ချခြင်းခံရသောအခါ ဂုဏ်ယူဝမ်းမြောက်စေ။ အကြောင်းမူကား ချမ်းသာသောသူသည် မြက်ပွင့်ကဲ့သို့ ကွယ်ပျောက်သွားလိမ့်မည်။ ၁၁ နေသည် အပူရှိန်နှင့်တကွထွက်လာသောအခါ မြက်ပင်ကို ညှိုးနွမ်းခြောက်သွေ့စေတတ်၏။ ထိုအခါ မြက်ပွင့်သည်ကြွေ၍ ၎င်း၏တင့်တယ်သောအဆင်းသည်ပျက်စီးသွား၏။ ထိုနည်းတူ ချမ်းသာသောသူသည်လည်း မိမိ၏စီးပွားရှာဖွေမှုအလယ်၌ပင် မှေးမှိန်ကွယ်ပျောက်သွားလိမ့်မည်။ ၁၂ စုံစမ်းနှောင့်ယှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စုံစမ်းစစ်ဆေးခြင်းကိုအောင်မြင်သောအခါ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။ ၁၃ ဖြားယောင်းသွေးဆောင်ခြင်းကိုခံရသည့်အခါ “ဘုရားသခင်သည် ငါ့ကိုဖြားယောင်းသွေးဆောင်သည်”ဟု မည်သူမျှ မပြောနှင့်။ အကြောင်းမူကား မကောင်းမှုသည် ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း မည်သူ့ကိုမျှ ဖြားယောင်းသွေးဆောင်တော်မမူ။ ၁၄ လူသည် မိမိတပ်မက်ခြင်း၏ဆွဲငင်ရာသို့လိုက်ပါလျက် လှည့်ဖြားဆွဲဆောင်ခြင်းခံရကာ ဖြားယောင်းသွေးဆောင်ရာသို့ ရောက်တတ်၏။ ၁၅ ထိုအခါ တပ်မက်ခြင်းသည် သန္ဓေတည်၍ အပြစ်ကိုဖွားမြင်ပြီး အပြစ်သည် ကြီးပြင်းရင့်မာသောအခါ သေခြင်းကိုဖြစ်ပွားစေ၏။ ၁၆ ငါချစ်သောညီအစ်ကိုတို့၊ အယူမလွဲကြနှင့်။ ၁၇ ကောင်းမြတ်သောလက်ဆောင်ရှိသမျှနှင့် စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အထက်အရပ်မှလာ၍ အလင်းတို့၏အဖထံတော်မှဆင်းသက်၏။ ထိုအဖထံတော်၌ ပြောင်းလဲခြင်း၊ သို့မဟုတ် ရွေ့လျားတတ်သည့်အရိပ်ဟူ၍မရှိ။ ၁၈ ကိုယ်တော်သည် မိမိဖန်ဆင်းတော်မူသောအရာတို့တွင် ငါတို့ကို အသီးဦးသဖွယ်ဖြစ်စေရန် အလိုတော်ရှိသည့်အတိုင်း သမ္မာတရား၏နှုတ်ကပတ်တော်အားဖြင့် ငါတို့ကိုဖြစ်ပွားစေတော်မူ၏။
Scripture taken from the MYANMAR STANDARD BIBLE, Copyright © 2012 by GlobalBible Initiative, LLC. Used by permission. All rights reserved worldwide.